Myanmar Transparency News

ယနေ့နံနက် အရုဏ်မတက်မီ ပြိုင်ကားမောင်းလာသည့် အမျိုးသမီးတစ်ဦး စလစ်ဖြစ်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်ရာမှ ကားအတွင်းညပ်နေသဖြင့် ဝိုင်းဝန်းကယ်ထုတ်ခဲ့ရ

၉. ၁၁. ၂၀၂၅
Written by Thettant

ယနေ့ နိုဝင်ဘာ ၉ ရက်သို့ကူးစ အရုဏ်မတက်မီအချိန်တွင် ပြိုင်ကားမောင်းလာသည့် အမျိုးသမီးတစ်ဦး စလစ်ဖြစ်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်ရာမှ ကားအတွင်းညပ်နေသဖြင့် ဝိုင်းဝန်းကယ်ထုတ်ခဲ့ရသည်ဟု သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၂ နာရီ ၅၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမပေါ်၊ တိရစ္ဆာန်ဥယျာဥ်မီးပွိုင့်အနီး မော်တော်ယာဉ်တစ်စီးစလစ်ဖြစ်ရာမှ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိကာ ကားအတွင်း အမျိုးသမီးတစ်ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊
အနာဂတ်အလင်းတန်းပရဟိတအသင်းနှင့် စံပြပရဟိတအသင်း စသည့်အဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးယာဉ်များ ထွက်ခွာကူညီပေးခဲ့ကြသည်။

ဖြစ်စဉ်နေရာတွင် Nissan Fair Lady ကားအတွင်းညပ်နေသည့်လူနာအမျိုးသမီးတစ်ဦးအား ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်းကာ အနာဂတ်အလင်းတန်းပရဟိတအသင်းပိုင် Hydraulic Rescue Tools များ အသုံးပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ၃ နာရီ ၂၆ မိနစ်အချိန်ခန့်တွင် အန္တရာယ်ကင်းရှင်းစွာဖြင့်ကူညီကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

လူနာအမျိုးသမီးအား စံပြလူမှုကူညီရေးပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ဆက်လက်ပို့ဆောင်ကူညီပေးခဲ့သည်ဟုလည်း အနာဂတ်အလင်းတန်းပရဟိတအသင်းနှင့် မီးသတ်ဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – အနာဂတ်အလင်းတန်းပရဟိတအသင်း

မူရင်းသတင်း — Myanmar Transparency News