Myanmar Transparency News

တရားမဝင်မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ကား ထိုင်းရဲလိုက်ဖမ်းခံရ၍ မောင်းပြေးစဉ် လမ်းဘေးဓာတ်တိုင်ဝင်တိုက်မိရာက ၂၁ ဦးဒဏ်ရာရရှိကာ ၃ ဦး စိုးရိမ်ရ

၉.၁၁.၂၀၂၅
Written By Min Thet

တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့် ကား ထိုင်းရဲလိုက်ဖမ်းခံရ၍ မောင်းပြေးစဉ် လမ်းဘေး ဓာတ်တိုင်ဝင်တိုက်မိပြီး ၂၁ ဦးဒဏ်ရာရမှု ယနေ့ နိုဝင်ဘာလ ၉ ရက် တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ဘုရားသုံးဆူဘက်မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့်မြန်မာနိုင်ငံသားများလိုက်ပါသည့်ကားတစ်စီးမှာ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ ပလန် ဖေလ်ကျေးရွာအနီးတွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင် မြန်မာနိုင်ငံသားတွေ တင်ဆောင်လာသည့် ယာဉ်အမျိုးအစားမှာ ပစ်ကပ်ယာဥ်ဖြစ်ပြီး ကန်ချန ဘူရီခရိုင်၊ စံခလဘူမြို့နယ်ရှိ စစ်ဆေးရေးဂိတ်အရောက်တွင် စစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ မောင်းပြေးသည့်ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကားပေါ်တွင် တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၂၁ ဦးလိုက်ပါလာပြီး ယာဉ်တိုက်မှုကြောင့် ၂၁ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူများထဲတွင် အသက် ၂၁ နှစ်အရွယ် မချိုချိုဝင်း၊ အသက် ၂၃ နှစ်အရွယ် မသရာမိုး ၊အသက် ၂၀ အရွယ် မောင်သိန်းလင်းထိုက်တို့ ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရကြောင်း သိရသည်။

၎င်း ဒဏ်ရာရ မြန်မာနိုင်ငံသားများကို ဒေသခံ လူမှုကူညီရေးအသင်းများက စံခလဘူရီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News