Myanmar Transparency News

ကွမ်းဝယ်နေသည့် လက်နက်မဲ့အမျိုးသားတစ်ဦးကို ပဲခူး PDF များက သတင်းပေးဟု စွပ်စွဲ၍ သေနတ်ဖြင့် ပစ်သတ်သွားမှု ဖြစ်ပွား

နေမိုး
၆. ၁၁. ၂၀၂၅

ကွမ်းဝယ်နေသည့် လက်နက်မဲ့အမျိုးသားတစ်ဦးကို ပဲခူး PDF များက သတင်းပေးဟု စွပ်စွဲ၍ သေနတ်ဖြင့် ပစ်သတ်သွားမှု ဒိုက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်နေ ဦးမင်းမင်းဦး(၄၃)နှစ်သည် အဆိုပါ ရပ်ကွက်ရှိ “ဧကရီ”ကွမ်းယာဆိုင်၌ ကွမ်းဝယ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမင်းမင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News