Myanmar Transparency News

​BPLA က မောင်ဆောင်းခ မသေဘဲ ပါဝင်တည်ထောင်သူ ဉာဏ်ရည် သေဆုံး၊ ကိုးကန့်လက်အောက်တွင် ဉာဏ်ရည်က တပ်ရင်းမှူးလုပ်ခဲ့ဟုပါဆို

နေမိုး
၉. ၁၁. ၂၀၂၅

အခုရက်ပိုင်းမှာ BPLA (ဗမာပြည်သူ့လွတ်​မြောက်ရေးတပ်တော်) လက်နက်ကိုင်တပ်ထူထောင်သူ မောင်ဆောင်းခဟာ ရှေ့တန်းမှာ စနိုက်ပါနဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မောင်ဆောင်းခ သေတာမဟုတ်ဘဲ BPLA တည်ထောင်သူထဲက တစ်ဦးဖြစ်တဲ့ ဗညားဇော် (ခ) ဉာဏ်ရည် သေတာလို့ သိရပါတယ်။

ဗညားဇော် (ခ) ဉာဏ်ရည်ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ BPLA ကနေ ကိုးကန့်လက်အောက်ခံအဖြစ် MNDAA ဝတ်စုံဝတ် တိုက်ခိုက်ရာမှာလည်း ကိုးကန့် ၆၁၁ တပ်မဟာ၊ ၆၀၅ တပ်ရင်းမှူးအဖြစ် တာဝန်ယူဖူးသူလို့ မောင်ဆောင်းခက ဆိုပါတယ်။

“ဆရာဗညား (ခ) ဥာဏ်ရည်ရဲ့ဖြတ်သန်းမှုတွေက BPLA တည်ထောင်သူတစ်ဦး၊ သင်တန်းဆရာ၊ ကိုးကန့် ၆၁၁ တပ်မဟာမှာ ၆၀၅ တပ်ရင်းမှူး၊ နောက်ပြီး KNU တပ်မဟာ ၃ က တိုက်ပွဲတွေ၊ ရှမ်းတောင် ဆီဆိုင်က ခုခံစစ်ပွဲတွေ၊ ကိုယ့်ရဲဘော် ကျဆုံးခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေ စသည်ဖြင့်ပေါ့” လို့ မောင်ဆောင်းခက လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားထားပါတယ်။

ဗညားဇော် (ခ) ဉာဏ်ရည်ဟာ ဘယ်နေ့က သေတယ်ဆိုတာ၊ ဘယ်လက်နက်ကိုင်တွေရဲ့ဝတ်စုံဝတ်​ပြီး ဘယ်တိုက်ပွဲမှာ သေခဲ့တယ်ဆိုတာနဲ့ အလောင်းပြန်ရ မရဆိုတာတွေကိုတော့ BPLA က တရားဝင် ထုတ်ပြန်တာမရှိဘဲ မောင်ဆောင်းခရဲ့ Personal အကောင့်ကသာ ဖော်ပြတာဖြစ်ပါတယ်။

မူရင်းသတင်း — Myanmar Transparency News