Myanmar Transparency News

တိဂေဟာပိုင်ရှင်က အသက်မပြည့်သေးတဲ့ ကလေးလုပ်သား မိန်းကလေးကို သတိလစ်အောင်ရိုက်နှက်နှိပ်စက်လို့ သက်ဆိုင်ရာက ထိန်းသိမ်းထား၊ ဂေဟာက တိတွေလည်း အစာရေစာ အငတ်ဘေးနဲ့ ကြုံတွေ့နေရ

၁၂.၁၁.၂၀၂၅
Written by Thiri

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာအုပ်စု၊ သရက်ညိုပင်ရွာရဲ့ အရှေ့ပိုင်းမှာ တည်‌ထောင်ထားတဲ့ မေအိ တိဂေဟာ ပိုင်ရှင်အမျိုးသမီးက ခြံမှာ ကူဖော်လောင်ဘက် ခေါ်ယူထားတဲ့ အသက်မပြည့်သေးသူ ကလေးလုပ်သားမိန်းကလေးငယ်ကို အကြမ်းဖက်ရိုက်နှက်လို့ သက်ဆိုင်ရာက လူကိုထိန်းသိမ်းလိုက်တာကြောင့် အဆိုပါဂေဟာရှိ တိရစ္ဆာန်အကောင်ရေ နှစ်ရာကျော်မှာ အခုအချိန် အစားအစာ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ လမ်းဘေးလေလွင့် တိရစ္ဆာန် စောင့်ရှောက်ရေး လုပ်ကိုင်နေတဲ့ အသိုင်းအဝိုင်း ထံကနေ သိရပါတယ်။

မေအိ တိဂေဟာပိုင်ရှင်က မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့ညက သူ့တိဂေဟာခြံမှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ကလေးလုပ်သားမိန်းကလေးကို ရိုက်နှက်လို့ ကလေးက ထွက်ပြေးရာ ‌မှော်ဘီ ရေသိုးရွာထိပ်အရောက် ဆိုင်ကယ် ကယ်ရီသမားတွေလက်ထဲ သတိလစ်မေ့လဲကျခဲ့တာကြောင့် ကယ်ရီသမားတွေနဲ့ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးက ကလေးကို မှော်ဘီဆေးရုံဆီ တင်ပို့ကာ မေအိ‌တိဂေဟာမှ တည်ထောင်သူ အမျိုးသမီးကို သက်ဆိုင်ရာနဲ့အတူ သွားရောက်ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

မှော်ဘီ မေအိတိဂေဟာနဲ့ မနီးမဝေးမှာပဲရှိတဲ့ Kind heart dogs and recuse shelter မှ ဒေါ်ဝါဝါမိုးက “အလုပ်သမားကလေး‌လေးက အတွင်းကလီစာ‌တွေ ထိထားလို့ မှော်ဘီဆေးရုံက မနိုင်တော့ ညတွင်းချင်း ရန်ကုန်ကလေးဆေးရုံကြီးကို လွှဲပို့ထားတယ်လို့တော့ သိရတယ်။ ဂေဟာ တည်ထောင်သူအမျိုးသမီးက အခုအချုပ်ထဲမှာ။သူတို့ဂေဟာက မိသားစုတွေ ဝိုင်းလုပ်ကိုင်ကြတာ ။ သူ့အမျိုးသားရယ်၊ သူရယ်၊ အလုပ်သမား နှစ်ယောက်လားပဲ။ အဲ့ဒီ သူရိုက်နှက်တဲ့ ကလေးလည်းအပါပေါ့ အလုပ်သမားက။ အခု ခြံထဲက တိတွေက အစာ စားရပုံမပေါ်ဘူး။ ကျွန်မတို့ ဂေဟာကတော့ သုံးရက် တာဝန်ယူကျွေးပေးဖို့ စီစဉ်ထားပါတယ်။ ဂေဟာထဲက တိတွေ ခွဲယူဖို့ကတော့ ရပ်တည်ရတာမလွယ်တာမို့ မဖြစ်နိုင်ဘူး။ အဲ့ဒီလိုလည်း လုပ်ခွင့်မရှိ ၊ လုပ်လို့မရပါဘူး “လို့ MT News ကိုပြောပါတယ်။

အခုအခါ ဂေဟာရှိ ခွေး၊ ကြောင်၊ ယုန်စတဲ့ တိရစ္ဆာန်‌ တွေကို ကျွေးဖို့ အညစ်အကြေး သုတ်သင်ရှင်းလင်းဖို့ လုပ်ကိုင်မယ့်သူ၊ ရေရှည်တာဝန်ယူမယ့်သူတွေ မရှိတော့ဘဲ ဂေဟာ ပျက်နိုင်တဲ့ အနေအထားမို့ ခြံပိုင်ရှင်‌တွေက ခွဲဝေယူပြီးတော့ဘဲဖြစ်ဖြစ် သင့်လျော်သလိုခွဲဝေစောင့်ရှောက်ပေးကြဖို့လည်း တိချစ်သူတွေကို ရပ်ရွာက တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News