Myanmar Transparency News

အမျိုးသား ကိုးဦး ချောင်းအတွင်း ရေဆင်းကူးရာက ဆယ်ကျော်သက် နှစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်း ဒီနေ့ပြန်တွေ့

၁၃.၁၁.၂၀၂၅
Written by Hey Mar

အမျိုးသား ကိုးဦး ရေဆင်းချိုးရာက နှစ်ဦး ရေနစ်ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ် နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စမုံချောင်းအတွင်း ဖြစ်ပွားခဲ့ကာ နိုဝင်ဘာ ၁၃ ရက် နေ့လယ်မှာတော့ ပျောက်ဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ မိတ္ထီလာမြို့အခြေစိုက် မျိုးဆက်သစ် မြတ်ပါရမီ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာ (ကိုင်း)
စမုံချောင်းအတွင်း အမျိုးသား ကိုးဦး ရေဆင်းချိုးရာမှ အသက်(၁၇)နှစ်အရွယ် Grade -12 ကျောင်းသားနှစ်ဦးရေနစ်ပျောက်ဆုံးခဲ့ရာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စတင်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အပါအဝင် ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းတွေက Speed boat တွေနဲ့ ရေငုပ်ရှာဖွေရေးအဖွဲ့တွေ ထွက်ခွာ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

‌နေ့လည်(၁) နာရီ အချိန်ခန့်မှာ ရေနစ်ပျောက်ဆုံးတဲ့ ဖြစ်စဥ်နေရာနဲ့ ရေမိုင် (၃)မိုင်ခန့် အကွာမှာ
အမျိုးသားရုပ်အလောင်း (၁)လောင်း
တွေ့ရှိဆယ်ယူနိုင်ခဲ့ကာ ကျန်ရှိနေတဲ့ ရုပ်အလောင်းတစ်လောင်းကို ဆက်လက်ရှာဖွေလျှက်ရှိတယ်လို့ သိရပါတယ်။

ရှာဖွေ တွေ့ရှိတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဗြဟ္မပါလအသင်းမှယာဉ်နဲ့ ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးကြောင်းသိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News