Myanmar Transparency News

ကားရှေ့ဘီးပေါက်တာကို ဆက်မောင်းရာက မီးပွင့်ကာ ယာဉ်တစ်စီးလုံးမီးလောင်မှု တောင်ဥက္ကလာမှာ ဖြစ်ပွား

၁၄.၁၁.၂၀၂၅
Written by Hey Mar

ဒီနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့် မှာ အိမ်စီးယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တစ်စီးလုံးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေရုပ်လွှာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က နိုဝင်ဘာ  ၁၄ ရက်နေ့၊ မနက် ၁ နာရီ  ၄၄ မိနစ်အချိန်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ‌မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေရုပ်လွှာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကားရှေ့ဘီး တာယာကွဲရာကနေ မီးပွင့်ပြီး စလောင်တာလို့တော့သိရတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ ကျွန်တော်တို့က မီးသတ်တပ်ဖွဲ့တွေကိုပဲ လိုအပ်တာ ကူညီပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။

ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ
တောင်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ငါးမိနစ်ခန့်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News