Myanmar Transparency News

နေပြည်တော်၊ ဝန်ထမ်းအိမ်ရာမှ အလူမီနီယံဘောင်များ ဖြုတ်၍ခိုးယူသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ၆/၁ ဖြင့် ဖမ်းဆီးအရေးယူ

၁၅. ၁၁. ၂၀၂၅
Written by Nay Moe

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ အလူမီနီယံဘောင်များ ဖြုတ်၍ခိုးယူသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် ဗလသိဒ္ဓိရပ်ကွက်အရောက်၌ လူနေထိုင်ခြင်းမရှိသည့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၂၃၁၆)၏ အပေါ်ထပ်မှ အသံများကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်းမနားမြို့နယ်၊ ရွှေကြည်ရပ်ကွက်နေ အောင်အောင် (၃၉)နှစ်နှင့် ဗလသိဒ္ဓိရပ်ကွက်နေ မခိုင်ခိုင်ဝင်း(၄၂)နှစ်တို့ နှစ်ဦးအား အဆိုပါတိုက်အတွင်းမှ ဖြုတ်၍ ခိုးယူထားသည့် အလူမီနီယံဘောင်များ (တန်ဖိုးငွေ ၂၅၀,၀၀၀ ကျပ်ခန့်)၊ ခိုးယူရာတွင်အသုံးပြုသည့် ဝက်အူလှည့် နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းမိသူနှစ်ဦးအား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်း (ပ)၂၀/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News