Myanmar Transparency News

ဗီယက်နမ်နိုင်ငံသား အွန်လိုင်းလိမ်လည်မှုဂိုဏ်းခေါင်းဆောင်အပါအဝင် အချုပ်သားများကို ယနေ့နံနက်ပိုင်းက တရားရုံးထုတ်စဉ် အချုပ်ကားအနီးမှ အမျိုးသမီးတစ်ဦးက သေနတ်လှမ်းပေးလိုက်သဖြင့် အချုပ်သား ၆ ဦးနှင့် သေနတ်ပေးသူ အမျိုးသမီး ထွက်​ပြေးလွတ်မြောက်မှု ကမ္ဘောဒီးယားတွင် ဖြစ်ပွား

◼ တရားခံတစ်ဦး ပြန်ဖမ်းမိသော်လည်း ကျန်သူများ လွတ်မြောက်နေ

၁၈. ၁၁. ၂၀၂၅
Translated by Thettant

​ယနေ့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ Svay Rieng (စဗိုင်းရန့်ဂ်) ပြည်နယ်၏ မြို့တော်ဖြစ်သည့် Svay Rieng မြို့ တရားရုံးမှ လက်နက်ကိုင်ထွက်ပြေးခဲ့သော အကျဉ်းသားအုပ်စုအား အမျိုးသမီးတစ်ဦးက သေနတ်တစ်လက် ပေးအပ်ခဲ့သည့် အဖြစ်အပျက်ကို ပြသထားသော ပြင်းထန်သော ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာသည်။

ပေါက်ကြားလာသော ​လုံခြုံရေး ဗီဒီယိုဖိုင်တစ်ခုတွင် တရားရုံး ကားပါကင်၌ ရဲကားတစ်စီးမှ ဆင်းလာသော ထိုရာဇဝတ်သားသည် အနီးနားတွင် ခေတ္တရပ်နေသော ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် အမျိုးသမီးတစ်ဦးထံမှ လက်နက်ကို လှမ်းယူလိုက်သည့် အခိုက်အတန့်ကို ပြသနေသည်။

​ထို့နောက် သူသည် ထိုလက်နက်ဖြင့် အရာရှိများကို ခြိမ်းခြောက်ကာ အကျဉ်းသားအုပ်စုနှင့်အတူ တရားရုံး၏ ဂိတ်ပေါက်မှ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။

​အွန်လိုင်းလောင်းကစားဂိုဏ်း၏ ခေါင်းဆောင်ဟု သံသယရှိရသော ထိုဗီယက်နမ်အကျဉ်းသားသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် Svay Rieng ပြည်နယ်တရားရုံးသို့ ခေါ်ဆောင်လာစဉ် သူ၏အပေါင်းအပါများက လွတ်မြောက်အောင် ကူညီပြီးနောက် ရဲများက လိုက်လံဖမ်းဆီးခဲ့သည်။

ထွက်ပြေးလွတ်မြောက်သည့်အဖွဲ့မှာ ၆ ဦးဖြစ်သည်ဟု သိရပြီး ထွက်ပြေးမှုဦးဆောင်သော အရေးပါသည့် ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမမိသေးသော်လည်း တရားခံတစ်ဦးကိုမူ ထွက်ပြေးစဥ် ကားက ရေထဲကျရာမှ ပြန်လည် ဖမ်းမိခဲ့သည်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ၎င်းတို့သည် ထိုအဖွဲ့၏ ကားကို သိမ်းဆည်းရမိထားပြီး ကျန်ရှိသော အပေါင်းအပါများကို ဆက်လက် လိုက်လံရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။

Ref: Khmer Times

မူရင်းသတင်း — Myanmar Transparency News