Myanmar Transparency News

လမ်းမတော်၊ စဉ့်အိုးတန်းဆိပ်ကမ်းအထွက်ပေါက်ထိပ် ကျောက်လမ်းပေါ်တွင် Light Truck ယာဉ် အရှိန်လွန်ကာ လမ်းဘေးရပ်နေသူများအား ဝင်တိုက်မိရာမှ နှစ်ဦး‌ သေဆုံးကာ နှစ်ဦးဒဏ်ရာရ

၂၀. ၁၁. ၂၀၂၅
Written by Thettant

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ စဉ့်အိုးတန်းဆိပ်ကမ်းအထွက်ပေါက်ထိပ်၊ ကျောက်လမ်းပေါ်တွင် နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီ ၃၅ မိနစ် အချိန်ခန့်က Light Truck ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးရပ်နေသူ အမျိုးသားလေးဦးအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှသိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ လင်းလက်လူနာတင်ယာဥ်နှင့် ရှင်သန်ရေးကူညီမှုအသင်း၊ အေးမေတ္တာလူနာတင်ယာဥ်တို့အပြင် မိတ်ဖက် လူမှုကူညီရေးအသင်းများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး လင်းလက်လူနာတင်ယာဥ်မှ အနီရောင်အဆင့်လူနာတစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ရာ ဆေးရုံရောက်ချိန်ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှင်သန်ရေးကူညီမှုအသင်းလူနာတင်ယာဥ်ဖြင့် အနီရောင်အဆင့်လူနာ တစ်ဦး၊ အခြားအိမ်စီးယာဥ်တစ်စီးဖြင့် လူနာတစ်ဦး၊ အေးမေတ္တာလူနာတင်ယာဥ်ဖြင့် ဖြစ်စဥ်အတွင်း ကွယ်လွန်သွားရှာသူ အမျိုးသားတစ်ဦးတို့အား ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်အတွင်း သေဆုံးဒဏ်ရာရသူများမှာ ဒလတံတားတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများပါဝင်သည်ဟုလည်း ရှင်သန်ရေးကူညီမှုအသင်းနှင့် YRO ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အတည်ပြုပေးထားသည်။

အဆိုပါ ဖြစ်စဥ်အတွင်း ကူညီပေးခဲ့သော Yangon Rescue Organization (YRO) မှ အသင်းများမှာ လင်းလက်အသင်း၊ ဝန်းရံမှူးအသင်း၊ MZKအသင်း၊ ကျောက်တံတားအရံအသင်း၊ ရှင်သန်ရေးကူညီမှုအသင်းနှင့် အခြားအသင်းများဖြစ်ကြောင်းလည်း ရှင်သန်ရေးကူညီမှုအသင်းက ဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News