Myanmar Transparency News

တရုတ်က ကမ္ဘာ့ပထမဆုံးအဖြစ် ရေပေါ် မျောပါနိုင်သည့် နျူကလီးယားဒဏ်ခံနိုင်သော ကျွန်းတုကြီး တည်ဆောက်နေ

သက်တန့်
၂၁. ၁၁. ၂၀၂၅

​တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းအင်အားပြိုင်ဆိုင်မှုအား ပိုမိုမြှင့်တင်နိုင်သည့် ဧရာမ သိပ္ပံအခြေခံအဆောက်အအုံတစ်ခုကို တည်ဆောက်နေပြီး ယင်းမှာ နျူကလီးယား ပေါက်ကွဲမှုဒဏ်ကိုပင် ခံနိုင်ရည်ရှိအောင် အင်ဂျင်နီယာနည်းပညာဖြင့် ဒီဇိုင်းထုတ် တည်ဆောက်ထားသော ရေပေါ် မျောပါနိုင်သည့် ကျွန်းတုကြီးကို တည်ဆောက်နေခြင်း ဖြစ်သည်။

China State Shipbuilding Corporation (CSSC) နှင့် ​Shanghai Jiao Tong University – SJTU တို့ တည်ဆောက်နေသော ရေပေါ် မျောပါနိုင်သည့် ကျွန်းတုကြီးမှာ တန် ၇၈,၀၀၀ အလေးချိန်ရှိကာ ရေပေါ်တစ်ဝက် ရေအောက်တစ်ဝက် နစ်မြုပ်နိုင်သည့် ကိုယ်ထည်နှစ်ခုပါရှိပြီး ထို ရေမျောအဆောက်အအုံကြီးသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ရွေ့လျားနိုင်သည့်၊ ကိုယ့်အားကိုယ်ကိုးနိုင်သော ကျွန်းတုကြီးဖြစ်လာမည် ဖြစ်သည်။

​ကျွန်းမျောကြီး၏ရေယာဉ်အလေးချိန်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ် ၅၀ မှ ၆၀ ကြားတင်ဆောင်နိုင်သော ဖူကျန်း (Fujian) လေယာဉ်တင်သင်္ဘောသစ်နှင့်ပင် အလားတူနိုင်ပြီး ပြင်ပမှ ရိက္ခာဖြည့်တင်းမှုမရှိဘဲ လေးလကြာ လူ ၂၃၈ ဦးကို ရိက္ခာနှင့် နေရာပေးနိုင်သည့် စွမ်းရည်ရှိသည်။

ဤကျွန်းမျောကြီးကို ၂၀၂၈ ခုနှစ်တွင် စတင်အသုံးပြုနိုင်ပါက ပိုင်ဆိုင်မှု အငြင်းပွားနေသော ရေပြင်ဒေသများ၌ မကြုံစဖူးသော အင်အားကို တရုတ်က ပြသနိုင်မည်ဖြစ်သည်။

ထို့အပြင် ဤသိပ္ပံဆိုင်ရာ အပြင်ပန်းအသွင်အောက်တွင်၊ “Metamaterial” (အသွင်ပြောင်းပစ္စည်း) အလွှာလိုက် အကာအရံများကို အသုံးပြု၍ အလွန်ပြင်းထန်သော ပေါက်ကွဲမှုများကို ပျော့ပြောင်းသော ဖိအားများအဖြစ်သို့ ပြောင်းလဲပေးနိုင်သော နျူကလီးယား ပေါက်ကွဲမှုဒဏ်ခံနိုင်သည့် ရှားပါးသော ဒီဇိုင်းတစ်ခုရှိကြောင်း စီမံကိန်းတွင် ပါဝင်သည့် သိပ္ပံပညာရှင်များက ဆိုသည်။

​”ဤနက်ရှိုင်းသော ပင်လယ်ရေအောက် အဓိက သိပ္ပံစမ်းသပ်ရေး အဆောက်အအုံသည် ရာသီဥတုအခြေအနေအားလုံးတွင် ရေရှည်နေထိုင်နိုင်ရန် ရည်ရွယ်၍ ဒီဇိုင်းရေးဆွဲထားသည်” ဟု Shanghai Jiao Tong University – SJTU မှ ပါမောက္ခ Yang Deqing ဦးဆောင်သော အဖွဲ့က နိုဝင်ဘာလ ၄ ရက်နေ့တွင် Chinese Journal of Ship Research ၌ ထုတ်ဝေခဲ့သော သုတေသနစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။

​”ကျွန်းမျော၏ အပေါ်ထပ် အဆောက်အအုံတွင် အရေးပေါ် လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနှင့် လမ်းကြောင်းထိန်းချုပ်မှု တို့ကို အာမခံပေးသည့် အရေးပါသော အခန်းများ ပါဝင်သည်။ ထို့ကြောင့် ဤနေရာများအတွက် နျူကလီးယား ပေါက်ကွဲမှု ကာကွယ်ရေးသည် အသက်တမျှ အရေးပါသည်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် ထို နျူကလီးယားဒဏ်ခံနိုင်သည်ဆိုသည့် အချက်အလက်များနှင့် တည်ဆောက်မှုသည် သုတေသနစာတမ်း တစ်စောင်ကို သီအိုရီအရ ဒီဇိုင်းထုတ်ထားမှုသာဖြစ်ပြီး လက်တွေ့ မစမ်းသပ်ရသေးဟုလည်း သိရသည်။

Ref : SCMP

မူရင်းသတင်း — Myanmar Transparency News