Myanmar Transparency News

Food Blogger ဆိုသူ တက္ကစီယာဉ်မောင်းတစ်ဦးကို ခရီးသည်အဖြစ်ဟန်ဆောင်စီးနင်းသူက နောက်ကျောဘက်မှ ပစ်သတ် လုပ်ကြံမှု ဖြစ်ပွား

◾ ပစ်ခတ်သည့်ကျည်က ဒရိုင်ဘာထိုင်ခုံကို ဖောက်ဝင်ပြီး ကျောကိုဖောက်ဝက်သွားသော်လည်း ရင်ဘတ်က ပေါက်မထွက်ဘဲ ရင်ညွန့်တွင် ကျည်ထောက်နေခဲ့

၂၃.၁၁.၂၀၂၅
Written by Hey Mar

တက္ကစီယာဉ်မောင်းတစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၂၂ရက်နေ့ ည ၁၀ နာရီခန့်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီး အမှတ် (၃) လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့က MT News ကိုပြောပါတယ်။

ပစ်သတ်ခံရသူ တက္ကစီယာဉ်မောင်းက အသက် ၃၇ နှစ်အရွယ်လို့ သိရသလို သေနတ်သမားက သူ့ယာဉ်မောင်းခုံ‌ နောက်ကနေ သေနတ်နဲ့ တေ့ကာ ပစ်ခတ်ခဲ့ဟန်ရှိပြီး ထိုင်ခုံကနေ ဖောက်ဝင်တဲ့ကျည်က သေဆုံးသူယာဉ်မောင်းရဲ့ ခါးပိုင်းနောက်ကျောကနေဖောက်ဝင်ပြီး ရင်ညွန့်မှာ ထောက်နေခဲ့တာလို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်က “ကျည်ကအပြင်ကို ပေါက်မထွက်ဘဲ ရင်စို့မှာ ရှိနေတာ သွေးစို့နေတာပေါ့။ သူအဲ့ဒီလို အပစ်ခံရပြီး ကားကို လမ်းဘေးဆွဲချပုံရပါတယ်။ ကားက ညာဘက်ကို ဆွဲကျနေပြီး ဓာတ်တိုင်နဲ့ ကားနဲ့ ထိသွားတယ်။ အဲ့ဒီမှာ လုပ်ကြံတဲ့ကောင်တွေ ထွက်ပြေးပုံရတယ်။ မမိဘူးလို့ သိရတယ်။ ပစ္စည်းလိုချင်လို့ ကားလုချင်လို့ သတ်တာမဟုတ်နိုင်ဘူး” လို့ MT News ကို ပြောပါတယ်။

တပ်မတော်နဲ့ နီးစပ်တဲ့ တယ်လီဂရမ် ချန်နယ်တချို့မှာတော့ သေဆုံးသူက Foog Blogger ကိုကျော်ဝဏ္ဏလို့ သိရပြီး PDF တွေ လုပ်ကြံတယ်လို့ ဆိုထားပါတယ်။ သေဆုံးသူက Zoom Kilo Taxi ယာဉ်မောင်းအဖွဲ့ဝင်ဖြစ်ကာ သူမောင်းနှင်တဲ့ ယာဉ်က Probox အမျိုးအစား အဖြူရောင်ယာဉ်ပါ။

လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးမှာ ပို့ဆောင်ထားပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News