Myanmar Transparency News

တာချီလိတ်တွင် ပြုပြင်လက်စ ကာရာအိုကေဆိုင် မီးလောင်မှု ဝရိန်ဆော်ရာမှ စတင်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ

၂၄.၁၁.၂၀၂၅
Written by KL

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ပြုပြင်လက်စ ကာရာအိုကေဆိုင်တွင် နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီ ၅၂ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ဝရိန်ဆော်ရာမှ စတင်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ပေ ၁၀၀၊ အနံ ပေ ၈၀ ရှိသော သွပ်မိုး၊ RC (၁)ထပ် အဆောက်အအုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာရာအိုကေဖွင့်လှစ်ရန် အခန်းပြင်ဆင်နေစဥ် ဝရိန်ဆော်ရာမှ အနီးရှိ ဆိုဖာပေါ်သို့ မီးပွားကျကာ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ် ၄၀ ကျော်ကြာ မီးလောင်မှုကြောင့် ဆိုဖာထိုင်ခုံ၂ ခုံ၊ LED TV ၁ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဆိုင်တာဝန်ခံ အသက် ၄၆ နှစ်အရွယ် ဦးရန်နောင်စိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News