Myanmar Transparency News

အရှိန်နဲ့ ခုတ်မောင်းနေတဲ့ ရထားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချလို့ ဦးခေါင်းကွဲသေဆုံး

၂၆.၁၁.၂၀၂၅
Written by Hey Mar

အရှိန်နဲ့ ခုတ်မောင်းနေတဲ့ ရထားပေါ်ကနေ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး ခုန်ချရာက သေဆုံးတဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၂၆ ရက် မနက် ၈ နာရီဝန်းကျင်က နေပြည်တော်၊ ပျဥ်းမနားမြို့၊ ပုရွက်ဆိတ်ကုန်းရွာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မိုးစေတနာ ပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ပျဥ်းမနားမြို့၊ ပုရွက်ဆိတ်ကုန်းရွာတောင်ဘက် အမြန်လမ်းဟောင်း ၂၁၇ မိုင်အနီးမှာ ရထားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး ပြင်းထန် ထိခိုက်ထား‌ကြောင်း တာဝန်သိပြည်သူတချို့က သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းက သွားရောက်ရာ
အမည်မသိ နေရပ်လိပ်စာမသိရှိရသေးတဲ့ အမျိုးသားတစ်ဦးက ဦးခေါင်းကွဲတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိကူညီခဲ့ရတယ်လို့ သိရပါတယ်။

မိုးစေတနာပရဟိတအသင်း တာဝန်ရှိသူက “ရထားနဲ့ တိုက်မိတာမျိုးမရှိပါဘူး။ ပြုတ်ကျတဲ့အရှိန်နဲ့ ဦးခေါင်းခွံ ပွင့်ထွက်သွားတာပါ။ ကျန်တာတော့ မိသားစု ဘယ်သူ ဘယ်ကဆိုတာတွေ သက်ဆိုင်ရာ ဆက်လက်ရှာဖွေစုံစမ်းပေး နေပါတယ်” လို့ MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မိုးစေတနာပရဟိတအသင်းက ပျဉ်းမနား ကုတင် ၂၀၀ ဆေးရုံ ရင်ခွဲရုံဆီ စစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News