Myanmar Transparency News

တောင်တွင်းကြီး PDF များက ဇနီးမောင်နှံနှစ်ဦးနှင့် သားချင်းတော်စပ်သူတစ်ဦးကို ဒလန်စွပ်စွဲသတ်ဖြတ်မှုကြောင့် သုံးလောင်းပြိုင်သေဆုံး

နေမိုး
၂၉. ၁၁. ၂၀၂၅

တောင်တွင်းကြီး PDF များက ဇနီးမောင်နှံနှစ်ဦးနှင့် သားချင်းတော်စပ်သူတစ်ဦးကို ဒလန်ဟု စွပ်စွဲကာ ဦးခေါင်းများကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် သုံးလောင်းပြိုင်သေဆုံးခဲ့မှု နိုဝင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ ဦးမင်းဇော် (၄၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်ကြိုင်(၄၇)နှစ်၊ ယောက်ဖဖြစ်သူ ဦးကြည်ဝင်း(၅၈)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်များ” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။

မူရင်းသတင်း — Myanmar Transparency News