Myanmar Transparency News

နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့အမျိုးသမီးတစ်ဦးကို KNU နှင့် PDF ၁၀ ဦးခန့်က သတင်းပေးဟုတံဆိပ်ကပ်ကာ ဖမ်းဆီးပြီးနောက် နေအိမ်အနီးတွင် ပစ်သတ်

နေမိုး
၂၉. ၁၁. ၂၀၂၅

မြိတ်မြို့နယ်တွင် နေအိမ်၌ရှိနေသည့် လက်နက်မဲ့အမျိုးသမီးတစ်ဦးကို KNU နှင့် PDF ၁၀ ဦးခန့်က သတင်းပေးဟုတံဆိပ်ကပ်ကာ လာရောက်ဖမ်းဆီးသွားပြီးနောက် နေအိမ်အနီးဝန်းကျင်တွင်ပင် မျက်နှာကို သေနတ်ဖြင့်တေ့ကာ ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် ည ၁၂ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပလုံးကျေးရွာနေ ဒေါ်မူမူဝင်း(၄၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ၁၅ ဦးခန့် ရောက်ရှိလာပြီး “သတင်းပေး” ဟု ပြောဆို၍ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါကျေးရွာရှိ ပေါင်းကူးတံတားထိပ် အရောက်၌ ဝိုင်းဝန်းရိုက်နှက်၍ မျက်နှာကို သေနတ်ဖြင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်မူမူဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။

မူရင်းသတင်း — Myanmar Transparency News