Myanmar Transparency News

လှည်းတန်း ပြည်လမ်းပေါ် လူကူးတံတားပေါ်ကနေ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

၃၀.၁၁.၂၀၂၅
Written by Hey Mar

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ၊ မာလာဆောင်ရှေ့ လူကူးတံတားပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှု မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ လှည်းတန်းလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ပြုတ်ကျတဲ့ အမျိုးသမီးငယ်မှာ အသက် ၂၀ ကျော်အရွယ်လို့ ခန့်မှန်းရပြီး ဘယ်သူ၊ ဘယ်ဝါ ဖြစ်ကြောင်းနဲ့ ဘယ်မှာနေထိုင်ကြောင်း လတ်တလော ဘာမှမသိရှိရသေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

လှည်းတန်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့‌ရောက်တဲ့အချိန် မိတ်ဖက်အသင်းက ရောက်နှင့်နေပြီ။ ခုန်ချတာလား ပြုတ်ကျတာလားဆိုတာလည်း ဘာမှ မသိရ‌သေးဘူး။ ဆေးရုံကြီးကို အချိန်မီပို့ပေးပေမယ့် ‌ဆုံးတယ်လို့ပဲ သိရတယ်။ လှည်းတန်းအနီးအနားတစ်ဝိုက်တွေတော့ စုံစမ်းနေကြပါတယ်”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ပြုတ်ကျပြီး ခြေ၊ လက်၊ ခါးနဲ့ ပခုံးအရိုးထိခိုက်ထားတဲ့ အဆိုပါအမျိုးသမီးငယ်ကို လှည်းတန်းလူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆီ ကူညီပို့ဆောင်ပေးခဲ့ရာ ည (၁၁) နာရီအချိန်မှာ ဆုံးပါးသွားတယ်လို့လည်း သိရပါတယ်။

သက်ဆိုင်ရာမှ သေဆုံးသူအမျိုးသမီးငယ်ရဲ့ မိသားစုဝင်တွေကို ရှာဖွေစုံစမ်းနေပြီး သိရှိပါက ဆက်သွယ်အကူအညီ‌ပေးနိုင်ဖို့အတွက်လည်း လူမှုကူညီရေးအသင်းက အကူအညီတောင်းခံထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News