Myanmar Transparency News

လယ်ကွင်းသို့ တစ်ဦးတည်းသွားရောက်သည့် လက်နက်မဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF များက ပစ်ခတ်သတ်ဖြတ်မှု ကျောက်ဆည်တွင် ဖြစ်ပွား

နေမိုး
၁. ၁၂ ၂၀၂၅

လယ်ကွင်းသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားရောက်သည့် လက်နက်မဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF များက ပစ်ခတ်သတ်ဖြတ်မှု ကျောက်ဆည်တွင် နိုဝင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ(၅၉) နှစ်သည် နေအိမ်မှ ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်ကွင်းသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်စဉ် ကျေးရွာအနောက်မြောက်ဘက် တစ်ဖာလုံခန့်အကွာအရောက်၌ PDF (အင်အားစိစစ်ဆဲ) များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်ဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။

မူရင်းသတင်း — Myanmar Transparency News