Myanmar Transparency News

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကားတစ်စီး တူးမြောင်းအတွင်း ထိုးကျ၍ ကိုးဦး သေဆုံးမှု ထိုင်းနိုင်ငံတွင် ယနေ့ ဖြစ်ပွား

၃.၁၂.၂၀၂၅
Written By Min Thet

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ကားတစ်စီး တူးမြောင်းထဲထိုးကျ၍ ကိုးဦး သေဆုံးမှု ထိုင်းနိုင်ငံအတွင်း ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ လာ့ဘူရီခရိုင်တွင် ယနေ့ ‌ဒီဇင်ဘာလ ၃ ရက် နံနက် ၇ နာရီခွဲအချိန်က မြန်မာနိုင်ငံသား ၁၅ ဦး တင်ဆောင်လာသော SUV အမျိုးအစား ကားတစ်စီး က လာ့ဘူရီခရိုင်၊ ပါက်ထော့မြို့နယ်၊ နောင်ကထုန့်ကျေးရွာအနီးတွင် ကားဘီးပေါက်သွားကာ လမ်းဘေးရှိ တူးမြောင်းအတွင်း ထိုးကျသွားကြောင်း သိရသည်။

ယင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်း‌ကြောင်းမှ ဝင်ရောက်လာသူများအနက် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့်အတူ ထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူများ၏ရုပ်အလောင်းများကို ဘန်ကောက်မြို့၊ မှုခင်းဆေးသိပ္ပံဌာနသို့ ပို့ဆောင်ထားကာ ထွက်ပြေးသွားသည့် ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်‌လျက်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

မူရင်းသတင်း — Myanmar Transparency News