Myanmar Transparency News

တစညပါတီ၏ ပုလောမြို့နယ် ရပ်ကျေးဥက္ကဋ္ဌကို သတ်ဖြတ်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ဟု မြိတ် PDF ဝန်ခံ

၇. ၁၂. ၂၀၂၅
Written by Nay Moe

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ရပ်ကျေး ဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်သတ်လိုက်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ကျူးလွန်သည့် NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီဇင်ဘာ ၆ ရက် ရက်စွဲဖြင့် ဝန်ခံချက် ထုတ်ပြန်လာသည်။

ကျောက္ကာကျေးရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဥက္ကဌ ဦးကြည်သန်း(အသက် ၆၄ နှစ်) သည် ယခုအစိုးရက ကျင်းပမည့် ရွေးကောက်ပွဲအား စနစ်တကျ အကောင်အထည်ဖော် ကူညီဆောင်ရွက်နေသူဖြစ်၍ ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းချိန် လက်နက်လုယူ၍ ပြန်လည်ပစ်ခတ်ရန် ကြိုးစားလာသည့်အတွက် ပစ်သတ်လိုက်သည်ဟုလည်း မြိတ် PDF က အကြောင်းပြချက်ပေးသည်။

ထို့အပြင် ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူ၏ လက်ထောက်ဖြစ်သူ မချို ကိုလည်း ဖမ်းဆီးလာခဲ့သည်ဟု မြိတ် PDF ဝန်ခံချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဝန်ခံချက်များတွင် မြိတ် PDF ၏ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ် ဖမ်းဆီးမှုအတွင်း အရပ်သားပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းကြိုင်ဆိုသူမှာ လက်သန်းတွင် ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News