Myanmar Transparency News

မသမာသူတချို့က ကောလာဟလများ ထုတ်လွှင့်ပြီး ရွှေအရောင်းအဝယ် ပြုလုပ်နေသည့်အတွက် ရွှေဈေးမတည်မငြိမ် ဖြစ်ပေါ်နေကြောင်း YGEA ဥက္ကဋ္ဌ ပြောကြား

၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw

မသမာသူတချို့က ကောလာဟလများ ထုတ်လွှင့်ပြီး ရွှေအရောင်းအဝယ် ပြုလုပ်နေသည့်အတွက် ပြည်တွင်းရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်ပေါ်နေ
ရကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ယနေ့ ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂၇) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

“နောက်တစ်ခုက ကျွန်တော်တို့ ကောလာဟလတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်သည် တော်တော်များက ရိုးရိုးသားသား ရောင်းဝယ်ကြပေမဲ့ အဲဒီထဲမှာ မသမာတဲ့လူတချို့က ကောလာဟလတွေ လွှင့်ထုတ်ပြီးတော့ အ‌ရောင်းအဝယ် ပြုလုပ်နေတဲ့အတွက် ရွှေဈေးမတည်မငြိမ် ဖြစ်နေပါတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ပြည်တွင်း ရွှေဈေးကွက်တွင် ရောင်းချရမည့် သတ်မှတ် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်း ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၉၈၀,၀၀၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင်မှု ကျပ် ၈,၉၄၀,၀၀၀ အထိ ဆွဲတင်ခံထားရသဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၂၉ သိန်းခွဲကျော် ပိုများနေခြင်းဖြစ်သည်။

“ဒါကြောင့်မို့ ကျွန်တော်တို့ ကောလာဟလနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအသင်းကနေပြီးတော့ သတင်းအမှားတွေအားလုံးကိုလည်း သတင်းအမှားဆိုပြီး ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အသင်းကနေပြီးတော့ သတ်မှတ်ဈေးထက် ပိုပြီးတော့ ရောင်းချခွင့်ပြုတယ်လို့၊ ဘာတို့ ဒါတွေဟာ သတင်းအမှားတွေပဲဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် ကျောက်မျက်ရတနာဆိုင်များအားလုံး အစိုးရထုတ်ပေးသည့် ဘောင်ချာဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ပြီး မလိုက်နာသူများကို အရေးယူမည်ဖြစ်ကာ အရောင်းအဝယ်ဘောင်ချာများအား ရောင်းသူ/ဝယ်သူအပြင် သတ္တုတွင်းထွက်လုပ်ငန်းနှင့် အခွန်ရုံးများသို့လည်း ပေးပို့ရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက သတ်မှတ်ထားသည်။

ထို့အတူ ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်းနှင့် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူများ ကျပ်သိန်း ၁,ဝဝဝ အထက် အရောင်းအဝယ် ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ (AML/CFT) သို့ မပျက်မကွက်သတင်းပို့ရန် ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News