Myanmar Transparency News

အချစ်ရေးအဆင်မပြေလို့ဆိုကာ ၁၂ ဘီးကား စပါယ်ယာတစ်ဦး ကားပေါ်မှာ ကြိုးဆွဲချ သေဆုံး

၁၄.၁၂.၂၀၂၅
Written by Hey Mar

၁၂ ဘီးကား စပါယ်ယာဖြစ်သူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကားပေါ်မှာ ကြိုးဆွဲချ အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျိုင်းတုံမြို့ ဈေးလမ်းထိပ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ဈေးလမ်းထိပ်မှာ ရပ်ထား‌တဲ့ ၁၂ ဘီးကားပေါ်မှာ ယာဉ်နောက်လိုက်ဖြစ်သူ မောင်လင်းထက်အသက်(၂၈)နှစ်က မိမိကိုယ် မိမိကြိုးဆွဲချသေကြောင်းကြံခဲ့တယ်လို့ တာဝန်သိပြည်သူက အကြောင်းကြားလာတာကြောင့် ကျိုင်းတုံအခြေစိုက် နှလုံးလှလူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက သက်ဆိုင်ရာနဲ့အတူ သွားရောက်ကူညီခဲ့ရာ လူငယ်ချင်း အချစ်ရေးပြဿနာကြောင့် အခုလို ကြံစည်ခြင်းဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို နှလုံးလှလူမှုကူညီရေးအသင်းက စနစ်တကျဖြုတ်ယူ ထုပ်ပိုးကာ ကျိုင်းတုံပြည်သူ့ဆေးရုံ‌ကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
    

မူရင်းသတင်း — Myanmar Transparency News