Myanmar Transparency News

မန္တလေးက လက်နက်မဲ့ ကျေးရွာခွဲတာဝန်ခံကို PDF ပစ်သတ်၍ ဆေးရုံတွင်သေဆုံး

နေမိုး
၂၁. ၁၂. ၂၀၂၅

မန္တလေးတွင် လမ်းလျှောက်လာနေသော လက်နက်မဲ့ကျေးရွာခွဲတာဝန်ခံကို PDF နှစ်ဦးက ပစ်ခတ်သတ်ဖြတ်သဖြင့် ဆေးရုံတင်ပို့ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် ည ၆ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးယုကြိုင်(၅၇)နှစ်သည် ကျေးရွာ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာစဉ် PDF နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးယုကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ် ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News