Myanmar Transparency News

သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ထားဝယ်မှာ ဖြစ်ပွား

၂၅.၁၂.၂၀၂၅
Written by Hey Mar

သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦး နေအိမ်မှာ ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက်ပိုင်းက တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်က ထားဝယ်မြို့၊ ဝဲကျွန်းထိန်ဟောင်းရပ်ကွက် စျေးကလေးလမ်းတွင်းရှိ နေအိမ်မှာ အမျိုးသမီးကြီးတစ်ဦး ကြိုးဆွဲချ ​​​သေဆုံးလျက်ရှိနေကြောင်း တာဝန်ရှိသူတွေထံ သတင်းပေးပို့လာမှုအရ အခင်းဖြင့်ပွားရာနေရာဆီ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ ဇဗ္ဗူသီရိ လူမှုကူညီ‌ရေးအသင်းက သွားရောက်ခဲ့ကာ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အသင်း တာဝန်ရှိသူက “ကျွန်တော်တို့ရောက်သွားတော့ “DB”က ကြိုးတန်းလန်းနဲ့ပဲရှိသေးတယ်။ ခပ်ဝဝ။ အသက် ၆၀ လောက်ရှိမယ်။ နိုင်လွန်ကြိုးနဲ့ ဆွဲကြိုးချတာ။ သူ့မိသားစုနဲ့တော့ အတူနေထိုင်တာပဲ။ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ ရဲက စစ်မေးတုန်းပဲ” လို့ ပြောပါတယ်။

ရဲလုပ်ငန်းစဉ်‌တွေအပြီးမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဇဗ္ဗူသီရိ လူမှူကူညီရေးအသင်းက ယာဉ်နဲ့ ထားဝယ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News