Myanmar Transparency News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချန်ပူရ်ပြည်နယ်၊ မက်ဂ်နာမြစ်ပေါ်တွင် သင်္ဘောနှစ်စင်း တိုက်မိပြီး ရှစ်ဦး သေဆုံး၊ ၅၀ ဦးဒဏ်ရာရ

၂၆.၁၂.၂၀၂၅
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချန်ပူရ်ပြည်နယ်၊ ဟာရီနာဒေသရှိ မက်ဂ်နာမြစ်ပေါ်တွင် ခရီးသည်တင် သင်္ဘောကြီးနှစ်စင်း တိုက်မိခဲ့ရာ အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်မိမှုမှာ ဒက်ကာမြို့ကို ဦးတည်လာတဲ့ Zakir Samrat-3 နဲ့ Adventure-9 သင်္ဘောကြီးတွေ ပါဝင်နေကြတယ်လို့လည်း သတင်းတွေကဆိုပါတယ်။

ဖြစ်ရပ်နဲ့ ပတ်သက်လို့ ချန်ပူရ်မြစ်ရဲတပ်ဖွဲ့ ရဲမှူးမတ်ချ်ဖီကာ ရာမန်က ဒီဇင်ဘာလ ၂၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။

သင်္ဘောတိုက်မိမှုက ဒီဇင်ဘာလ ၂၆ ရက်၊ နံနက် ၁ နာရီမှ ၂ နာရီအတွင်း ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BIWTA) ရဲ့ ချန်ပူရ်မြစ်ယူနစ်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး (ရေကြောင်းဘေးကင်းရေး) ဘာဘူလာ ဘိတ်ယာ က ပြောကြားခဲ့ပါတယ်။

မက်ဂ်နာမြစ်ပေါ် မြူထူထပ်စွာကျရောက်မှုကြောင့် ညဉ့်နက်ပိုင်းမှာ တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ချန်ပူရ်မြစ်ဆိပ်ကမ်းယာဉ်ကြောစစ်ဆေးရေးမှူး အဗ္ဗဒူလ် မန်နန်က ပြောပါတယ်။ ဖြစ်ရပ်အပြီးမှာ Zakir Samrat သင်္ဘောပေါ်ရှိ ခရီးသည်တွေဆိုရင် အထူးထိတ်လန့်တုန်လှုပ်နေခဲ့ကြပါတယ်။

သေဆုံးသူတွေရဲ့ အမည်တွေကို အတည်မပြုနိုင်သေးပါဘူး။ မတော်တဆမှုအပြီးမှာ Zakir Samrat သင်္ဘောက ဒက်ကာရှိ Sadarghat ဆိပ်ကမ်းကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။

သင်္ဘောတိုက်မိပြီးနောက် သင်္ဘောစီးခရီးသည်တွေကြားမှာလည်း ထိတ်လန့်မှုတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ အာဏာပိုင်တွေက မတော်တဆမှုရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီလို့ သိရပါတယ်။

Ref :Dhaka Tribune

မူရင်းသတင်း — Myanmar Transparency News