Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် လက်နက်မဲ့ ဇနီးမောင်နှံကို PDF ခုနစ်ဦးက ပစ်သတ်ကာ ဆိုင်ကယ်လုယက်

နေမိုး
၂၇. ၁၂. ၂၀၂၅

နေအိမ်တွင်ရှိနေသည့် လက်နက်မဲ့ ဇနီးမောင်နှံကို PDF ခုနစ်ဦးက ပစ်သတ်ကာ ဆိုင်ကယ်လုယက်သွားကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဂရံစံပြကျေးရွာနေ ဦးရဲဝင်းအောင် (၄၀)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန္တာစိုး(၄၀)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ခုနစ်ဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ခြံဝင်းအတွင်းရှိ Wave 100 အဖြူရောင်ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News