Myanmar Transparency News

ထိုင်းသူနာပြုအမျိုးသမီးကားပေါ် အတင်း တက်ထိုင်သည့် မြန်မာနိုင်ငံသား အဖမ်းခံရ

၄.၁.၂၀၂၆
Written By Min Thet

ထိုင်းသူနာပြုအမျိုးသမီးကားပေါ် အတင်း တက်ထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦး အဖမ်းခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်က ထိုင်းသူနာပြုအမျိုးသမီးက မဲဆောက်ဆေးရုံအနီးတွင် ကားရပ်နား၍ လိမ္မော်သီးဝယ်ယူနေစဉ် သူမ၏နောက်မှ အမည်မသိ မြန်မာနိုင်ငံသားတစ်ဦး လိုက်ပါလာကာ စောင့်ကြည့်နေသည်ကို သတိထားမိသဖြင့် လိမ္မော်သီး ဝယ်ယူ၍ ကားရပ်ထားသည့် နေရာသို့ ပြန်လာခဲ့ကြောင်း သိရသည်။

အဆိုပါ သူနာပြုအမျိုးသမီးက နေအိမ်ပြန်ရန် ကားပေါ်သို့ တက်၍ ကားစက်နှိုးနေစဉ် ယင်း မြန်မာနိုင်ငံသားက ကားအနီးသို့ ရုတ်တရက် ရောက်ရှိလာကာ ကားနောက်ခန်းတံခါးကို ဆွဲဖွင့်၍ ဝင်ထိုင်လိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်ကို ကြောက်လန့်ခဲ့သည့် သူနာပြု အမျိုးသမီးက ပတ်ဝန်ကျင်ရှိနေသူများအား အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ဆေးရုံအနီးရှိသူများ ရောက်ရှိလာပြီး ၎င်း မြန်မာနိုင်ငံသားကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့၍ လက်ရှိတွင် ယင်းမြန်မာနိုင်ငံသားအား မဲဆောက်ရဲစခန်းတွင် ချုပ်နှောင် ထိန်းသိမ်းထားကာ စစ်ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News