Eleven Media Group

ချန်ပီယံလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

Photo: UEFA

အာဆင်နယ် - ကိုင်ရတ်

ဇယားထိပ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်း ဆုံတွေ့ခြင်းဖြစ်သလို၊ အာဆင်နယ်က (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပြီး ကိုင်ရတ်က ပြိုင်ပွဲက ထွက်ရပြီဖြစ်တာကြောင့် ဒီပွဲရလဒ်က အရေးမပါတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်း ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မလားဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။ အာဆင်နယ်အသင်း အရန်ကစားသမားအများစုကို ထုတ်သုံးလာနိုင်ပေမဲ့ ဂိုးပြတ်အနိုင်ယူမှာ သေချာပါတယ်။

ဘာစီလိုနာ - ကိုပင်ဟေဂင်

ဘာစီလိုနာက အမှတ်ပြည့်ရမှ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ မျှော်လင့်နိုင်မှာဖြစ်ပြီး ကိုပင်ဟေဂင်ကတော့ Play-offs အဆင့်အတွက်သာ မျှော်လင့်ချက်ရှိပါတော့တယ်။ ကိုပင်ဟေဂင်က အခုနောက်ပိုင်း ရလဒ်ကောင်းနေပေမဲ့ ဘာစီလိုနာက အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၁၁)ပွဲဆက် အနိုင်ရထားပါတယ်။ ဘာစီလိုနာအသင်း ဂိုးမိုးရွာမယ့်ပွဲပါ။

ဘင်ဖီကာ - ရီးယဲလ်မက်ဒရစ်

ရီးယဲလ်က (၁၆)သင်းအဆင့်အတွက် ခြေတစ်ဖက်လှမ်းထားပါပြီ။ နည်းပြသစ် အာဘီလိုအာလက်ထက်မှာ (၃)ပွဲဆက်အနိုင်ရပြီး စိတ်ဓာတ်လည်း မြင့်တက်နေပါတယ်။ ဘင်ဖီကာအသင်း အိမ်ကွင်းကစားပုံကောင်းတာကိုတော့ သတိပြုဖို့ လိုပါတယ်။ ရီးယဲလ်ကိုပဲ ကြိုက်ပါတယ်။

ဒေါ့မွန် - အင်တာမီလန်

ဒေါ့မွန်က အဆင့်(၁၆)၊ အင်တာမီလန်က အဆင့်(၁၄)မှာ ရပ်တည်နေတာကြောင့် အမှတ်လုရမယ့် ပြိုင်ဘက်တွေပါ။ လတ်တလောမှာ နှစ်သင်းစလုံး ရလဒ်တွေကောင်းနေပြီး နောက်ဆုံး(၈)ပွဲမှာ တစ်ပွဲစီသာ ရှုံးထားကြပါတယ်။ အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။

ဖရန့်ဖတ် - စပါး

မျှော်လင့်ချက်မရှိတော့တဲ့ ဖရန့်ဖတ်အသင်း စပါးကို ဒုက္ခပေးနိုင်မလား စောင့်ကြည့်ရမှာပါ။ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ထားတာကြောင့် အိမ်ကွင်းကိုပဲ အားကိုးရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ စပါးကလည်း လူမစုံတာကြောင့် အမှတ်ခွဲယူရနိုင်ပါတယ်။

လီဗာပူးလ် - ကာရာဘတ်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ကျဆင်းနေတဲ့ လီဗာပူးလ်အတွက် ချန်ပီယံလိဂ်က ထွက်ပေါက်လို ဖြစ်နေပါတယ်။ (၁၆)သင်းအဆင့် တိုက်ရိုက်တက်ရောက်ခွင့်နဲ့ မလွဲချော်ဖို့လည်း လိုနေပါတယ်။ ကာရာဘတ်ကလည်း မျှော်လင့်ချက်ရှိနေသေးတာကြောင့် အားကုန်ထုတ်လာမှာပါ။ ဒါပေမဲ့ အန်ဖီးလ်မှာတော့ လီဗာပူးလ် သေချာပေါက် အနိုင်ယူပါလိမ့်မယ်။

မန်စီးတီး - ဂါလာတာစာရေး

မန်စီးတီးက အဆင့်(၁၁)နေရာရောက်နေတာကြောင့် (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ နိုင်ပွဲလိုအပ်နေပါတယ်။ ဂါလာတာစာရေးကလည်း မျှော်လင့်ချက်ရှိနေတာကြောင့် အကြိတ်အနယ်ရှိမှာပါ။ ဘိုဒိုဂလင့်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ မန်စီးတီး အမှားထပ်လုပ်မှာ မဟုတ်ပါဘူး။ မန်စီးတီးအသင်း အနည်းဆုံး (၂)ဂိုးပြတ်အနိုင်ယူမှာပါ။

နာပိုလီ - ချယ်လ်ဆီး

နာပိုလီက Play-offs အဆင့်အတွက်သာ မျှော်လင့်ချက်ရှိတော့ပြီး ချယ်လ်ဆီးကတော့ အဆင့်(၈)နေရာမှာ ရှိနေပါတယ်။ နည်းပြသစ် လီယမ်ရိုစီနီယာရဲ့ ဦးဆောင်မှုအောက်မှာ ချယ်လ်ဆီးအသင်း နို်င်ပွဲလည်း ဆက်နေပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ချယ်လ်ဆီးကိုပဲ ရွေးချယ်ချင်ပါတယ်။

PSG - နယူးကာဆယ်

အဆင့်(၆)နဲ့ (၇)နေရာမှာ အမှတ်တူရပ်တည်နေကြတဲ့ နှစ်သင်းဖြစ်ပြီး (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ အမှတ်လုကြမှာပါ။ လက်ရှိချန်ပီယံ PSG က ပိုကောင်းတဲ့အသင်းဖြစ်သလို၊ လတ်တလောမှာ နယူးကာဆယ်ရဲ့ ခြေစွမ်းကလည်း မတည်မငြိမ်ဖြစ်နေပါတယ်။ PSG အသင်း အိမ်ကွင်းမှာ အနိုင်ကစားမှာဖြစ်ပေမဲ့ ဂိုးပြတ်မယ်တော့ မထင်ပါဘူး။

အခြားပွဲများ

အေဂျက်စ် - အိုလံပီယာကော့စ် *
* ဘီလ်ဘာအို - စပို့တင်းလစ္စဘွန်း
* အက်သလက်တီကို - ဘိုဒိုဂလင့်
* လေဗာကူဆင် - ဗီလာရီးယဲလ်
ကလပ်ဘရုဂေး - မာဆေးလ် *
* မိုနာကို - ဂျူဗင်တပ်စ်
* ပါဖိုးစ် - ဆလားဗီးယားပရပ်ဂ်
PSV - ဘိုင်ယန်မြူးနစ် *
စိန့်ဂယ်လန် - အတ္တလန်တာ *


မှတ်ချက်။ ။ ပွဲစဉ်အားလုံး ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် (၂း၃၀)နာရီမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမှာပါ။

မူရင်းသတင်း — Eleven Media Group