Eleven Media Group

ရာသီလက်ကျန်(၄)လကို ဆုဖလားတွေ ရယူဖို့ဆိုတဲ့ ခံယူချက်နဲ့ ဖြတ်သန်းသွားမယ်လို့ အာတေတာ ပြောကြား

Photo: X

အာဆင်နယ်နည်းပြ အာတေတာက ရာသီလက်ကျန်(၄)လကို ဆုဖလားတွေ ရယူဖို့ဆိုတဲ့ ခံယူချက်နဲ့ ဖြတ်သန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး အိမ်ကွင်းမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ချန်ပီယံဆုအတွက် အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ကို (၄)မှတ်ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး လိဂ်ဖလားမှာ ဆီမီးဖိုင်နယ်ပထမအကျော့ အနိုင်ရထားသလို FA ဖလားမှာ စတုတ္ထအဆင့် ရောက်ရှိနေပါတယ်။
ဒါကြောင့် အာတေတာက လတ်တလောမှာ ရလဒ်တွေမကောင်းပေမဲ့ လာမယ့်(၄)လမှာ ယုံကြည်ချက်အပြည့်နဲ့ ဖြတ်သန်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ပျော်ရွှင်စွာလိုက်ပါဖြတ်သန်းဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
''ကစားသမားတွေနဲ့ ဆွေးနွေးမှုက အရမ်းအားတက်စရာကောင်းပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲ(၄)ခုစလုံးမှာ တကယ်ကောင်းမွန်တဲ့ အနေအထားနဲ့ ရပ်တည်နေတာပါ။ ဒါကြောင့် လာမယ့်(၄)လကို ရဲရင့်စွာနဲ့၊ ဆုဖလားတွေ ရယူမယ်ဆိုတဲ့ ခံယူချက်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းသွားမှာပါ။ ဒီအသင်းနဲ့ ပတ်သက်နေသူအားလုံး အထူးသဖြင့် အားပေးနေကြတဲ့ ပရိသတ်တွေလည်း ကျွန်တော်တို့နဲ့ လိုက်ပါဖြတ်သန်းဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့ ဖြတ်သန်းသွားမယ့်နည်းလမ်းဖြစ်သလို၊ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ နည်းလမ်းဖြစ်နေလို့ပါပဲ'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက မေ(၂၄)၊ ချန်ပီယံလိဂ်ပြိုင်ပွဲက မေ(၃၀)၊ လိဂ်ဖလားက မတ်(၂၂)၊ FA ဖလားက မေ(၁၆)မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group