Eleven Media Group

ဘင်ဖီကာနဲ့ပွဲမှာ ဗင်နီစီယပ်စ် လူမျိုးရေးခွဲခြားခံခဲ့ရပြီး ပြိုင်ဘက်ကို လေးစားစွာအောင်ပွဲခံသင့်တယ်လို့ မော်ရင်ဟို ပြစ်တင်

Photo: X

ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဘင်ဖီကာအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။
ချန်ပီယံလိဂ် Play-offs ပထမအကျော့အဖြစ် ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲမှာ ရီးယဲလ်အသင်းက ဗင်နီစီယပ်စ် မိနစ်(၅၀)မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဗင်နီစီယပ်စ်က ဂိုးသွင်းအပြီး အောင်ပွဲခံချိန်မှာ ပြိုင်ဘက်အသင်းက အာဂျင်တီးနားကစားသမား ပရက်စ်တီယန်နီက လူမျိုးရေးခွဲခြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရက်စ်တီယန်နီက သူ့နှုတ်ခမ်းကို အကျင်္ီနဲ့ကွယ်ကာ ပြောဆိုခဲ့တာဖြစ်ပြီး ဗင်နီစီယပ်စ်က ဒိုင်လူကြီးကို လူမျိုးရေးခွဲခြားခံရကြောင်း တိုင်ကြားခဲ့ပါတယ်။
ပြီးတော့ ကွင်းထဲက ထွက်ခွာသွားခဲ့ပြီး ရီးယဲလ်ကစားသမားတွေလည်း လိုက်ပါသွားခဲ့တာကြောင့် ပွဲကို (၁၀)မိနစ်လောက် ရပ်နားပြီးမှ ပြန်ကစားနိုင်ခဲ့ပါတယ်။
နှစ်ဖက်ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ဗင်နီစီယပ်စ်နဲ့ အချေအတင်ပြောကြားခဲ့တဲ့ မော်ရင်ဟိုလည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယအကျော့မှာ ကြီးကြပ်ခွင့်ရတော့မှာမဟုတ်ကြောင်း သိရပါတယ်။
မော်ရင်ဟိုက ဗင်နီစီယပ်စ် ကစားတဲ့ကွင်းတိုင်းမှာ အခုလိုပြဿနာ ပေါ်ပေါက်နေတာဖြစ်ကြောင်းနဲ့ ဗင်နီစီယပ်စ်အနေနဲ့ ပြိုင်ဘက်တွေကို လေးစားစွာ အောင်ပွဲခံသင့်ကြောင်း ပြစ်တင်ပြောကြားခဲ့ပါတယ်။
ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေကတော့ ပရက်စ်တီယန်နီဟာ ဗင်နီစီယပ်စ်ကို မျောက်လို့ ခေါ်ပြီး လူမျိုးရေးခွဲခြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
''ဘင်ဖီကာရဲ့ နံပါတ်(၂၅)၊ ကျွန်တော် သူ့နာမည်ကိုတောင် မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြောဖို့ မထိုက်တန်လို့ပါ။ သူက သူ့အကျင်္ီနဲ့ ပါးစပ်ကို ကွယ်ပြီး ဗင်နီဟာ မျောက်တစ်ကောင်ပဲလို့ (၅)ကြိမ်ပြောခဲ့တာ ကျွန်တော် ကြားပါတယ်။ ဒီကစားသမားဟာ ချန်ပီယံလိဂ်ကစားဖို့ မထိုက်တန်ပါဘူး'' လို့ အမ်ဘာပေက ပြောကြားခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group