Eleven Media Group

ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ဘာစီလိုနာအသင်း လိုလားနေပေမဲ့ မန်ယူအသင်း လက်ခံမှာမဟုတ်

Photo: X

ဘာစီလိုနာအသင်းဟာ မန်ယူအသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေပေမဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ လိုလားနေကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရာသီကုန်ချိန်မှာ ယူရိုသန်း(၃၀)နဲ့ (၃၅)သန်းကြားပမာဏနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ရယူထားခဲ့ပါတယ်။
အသက်(၂၈)နှစ်သာရှိသေးတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ပြီး ပြိုင်ပွဲစုံ(၃၄)ပွဲကစားအပြီးမှာ (၁၀)ဂိုး သွင်းယူထားပါတယ်။
ဒါကြောင့် ဘာစီလိုနာအသင်းက အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေသလို၊ ရပ်ရှ်ဖို့ဒ်ကလည်း ဘာစီလိုနာအသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပေမဲ့ ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးလျှော့ချပေးဖို့ လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိသဘောတူညီမှုရရှိထားတဲ့ ပြောင်းရွှေ့ကြေးက ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ ပုံရိပ်အရ ဘာစီလိုနာအသင်းအတွက် အလွန်သက်သာတဲ့ နှုန်းထားဖြစ်ကြောင်း သုံးသပ်မှုတွေရှိနေပေမဲ့ ဘာစီလိုနာအသင်းကတော့ ဘဏ္ဍာရေးပြဿနာရှိနေတာကြောင့် လျှော့ချပေးစေလိုခြင်းဖြစ်ကြောင်း သိရပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ဘာစီလိုနာအသင်းကို အပြီးသတ်ပြောင်းရွှေ့ခွင့်မရရင် မန်ယူအသင်းမှာ ပြန်ကစားရမှာပါ။

မူရင်းသတင်း — Eleven Media Group