
အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆာကာကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဆာကာဟာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်သလို၊ ၂၀၁၉-၂၀ ရာသီကစပြီး အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့သူပါ။
ဆာကာရဲ့ မူလစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး သက်တမ်းတိုးဖို့ ပြီးခဲ့တဲ့လကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပေမဲ့ အခုမှ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆာကာဟာ အရင်က အာဆင်နယ်အသင်းမှာ တစ်ပတ်လစာ ပေါင်(၁၉၅၀၀၀)သာရရှိနေသူဖြစ်ပြီး စာချုပ်သစ်အရ တစ်ပတ်ပေါင်(၃၀၀၀၀၀) ရရှိမှာဖြစ်တာကြောင့် အသင်းရဲ့လစာအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဆာကာဟာ အသက်(၂၄)နှစ်သာရှိသေးပေမဲ့ အာဆင်နယ်အသင်းအတွက် (၂၉၆)ပွဲကစားကာ (၇၇)ဂိုး သွင်းယူပေးထားသူဖြစ်ပြီး ဆာကာကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းက ကစားသမားသစ်တွေ ခေါ်ယူနိုင်တာထက် ပိုပြီးအရေးပါကြောင်း သုံးသပ်ဖော်ပြမှုတွေလည်း ရှိနေပါတယ်။