Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

ဝုလ်ဗ် - အာဆင်နယ် (ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၂း၃၀ နာရီ)

ဒီပွဲက ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ကို ကြိုကစားတာပါ။ ဘရန့်ဖို့ဒ်ကွင်းမှာ အမှတ်လျော့ခဲ့တဲ့ အာဆင်နယ်အသင်း အမှားအယွင်းထပ်မဖြစ်အောင် ဂရုစိုက်ရမယ့်ပွဲပါ။ ဝုလ်ဗ်က အမှတ်ပေးဇယားအောက်ဆုံးမှာ ကျောက်ချရပ်တည်နေတဲ့အသင်းဖြစ်ပေမဲ့ ပထမအကျော့တုန်းက အာဆင်နယ်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်း (၂)ဂိုးပြတ်နိုင်ဖို့ သိပ်မလွယ်ပါဘူး။

အေစီမီလန် - ကိုမို (ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၂း၁၅ နာရီ)

ခြေစွမ်းပြနေတဲ့ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်တာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပထမအကျော့ဆုံတွေ့မှုမှာတော့ အေစီမီလန်က အဝေးကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ (၆)ပွဲစလုံးလည်း အေစီမီလန်ပဲ အနိုင်ရခဲ့ပါတယ်။ ဖာဘရီဂတ်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုမိုအသင်း တိုးတက်မှုရှိနေပေမဲ့ ဆန်စီရိုမှာတော့ အရှုံးပေးရဦးမှာပါ။

လီဗန်တေး - ဗီလာရီးယဲလ် (ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁း၃၀ နာရီ)

ဒီပွဲက လာလီဂါပွဲစဉ်(၁၆)ရဲ့ ပွဲကျန်ကို ယှဉ်ပြိုင်ကစားတာဖြစ်ပြီး အသင်းနှစ်သင်းကြား အမှတ်ပေးဇယားရပ်တည်မှုချင်းကတော့ အလှမ်းကွာလွန်းနေပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဗီလာရီးယဲလ်က ရလဒ်ပိုင်းကျဆင်းနေပါတယ်။ အိမ်ကွင်းမှာ လီဗန်တေး အမှတ်ရနိုင်ပါတယ်။

မူရင်းသတင်း — Eleven Media Group