
ဝုလ်ဗ်အသင်းရဲ့နည်းပြ ရော့ဘ်အက်ဝပ်စ်က ဒီနေ့ည ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဝုလ်ဗ်နဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ရဲ့ ကြိုကန်ပွဲအဖြစ် ဒီနေ့ည မြန်မာစံတော်ချိန် (၂း၃၀)နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။
ဝုလ်ဗ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားတဲ့ အမှတ်ပေးဇယားအောက်ဆုံးကအသင်းဖြစ်ပြီး အာဆင်နယ်အသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်း ဖြစ်ပါတယ်။
ရော့ဘ်အက်ဒ်ဝပ်စ်ဟာ ဝုလ်ဗ်အသင်းရဲ့နည်းပြအဖြစ် နိုဝင်ဘာလကမှ ခန့်အပ်ခံထားရတာဖြစ်ပြီး (၁၇)ပွဲ ကိုင်တွယ်ရာမှာ (၃)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၁၀)ပွဲရှုံးနိမ့်ထားပါတယ်။
''သူတို့က နည်းလမ်းများစွာနဲ့ ယှဉ်ပြိုင်ကစားနိုင်တဲ့ အလွန်ကောင်းတဲ့အသင်းဖြစ်ပြီး ပွဲတစ်ပွဲကို အနိုင်ရဖို့ နည်းလမ်းမျိုးစုံကိုလည်း အသုံးပြုတတ်ပါတယ်။ ကျွန်တော်တို့လည်း မတူညီတဲ့အသင်းများစွာအတွက် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ ရဲရင့်စွာနဲ့ အနိုင်ရရှိဖို့ ကြိုးစားသွားချင်ပါတယ်။ ကျွန်တော်တို့မှာ ဖိအားတွေ ရှိနေသလို၊ သူတို့မှာလည်း မတူညီတဲ့ပုံစံနဲ့ ဖိအားတွေအများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ အတွက် အခွင့်အလမ်းတွေ ရရှိလာဖို့ မျှော်လင့်ပါတယ်'' လို့ ရော့ဘ်အက်ဒ်ဝပ်စ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကလည်း ခက်ခဲတဲ့ပွဲကို ရင်ဆိုင်ရမှာဖြစ်ပေမဲ့ မန်စီးတီးကို (၇)မှတ်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။