Eleven Media Group

အေစီမီလန်ကစားသမား ဆယ်လီမေကာစ်နဲ့ ပြဿနာဖြစ်ပွားခဲ့ခြင်းအတွက် ဖာဘရီဂတ်စ် တောင်းပန်

Photo: X

ကိုမိုအသင်းရဲ့နည်းပြ ဖာဘရီဂတ်စ်ဟာ အေစီမီလန်နောက်ခံလူ ဆယ်လီမေကာစ်နဲ့ ပြဿနာဖြစ်ပွားခဲ့ခြင်းအတွက် တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ဗုဒ္ဓဟူးညက ယှဉ်ပြိုင်ခဲ့တဲ့ အေစီမီလန် ၁-၁ ကိုမိုပွဲမှာ ဖာဘရီဂတ်စ်က ဆယ်လီမေကာစ်ကို နောက်က တွန်းခဲ့တာကြောင် ပြဿနာဖြစ်ခဲ့တာပါ။
ဆယ်လီမေကာစ်က ကိုမိုကစားသမားနှစ်ယောက်ကြားက ဘောလုံးပေးဖို့ ကြိုးစားရင်း ပျက်သွားတာကြောင့် ပြန်လိုက်ဖို့ ပြေးသွားရာမှာ ဖာဘရီဂတ်စ်က နောက်ကတွန်းခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အချေအတင်ဖြစ်ခဲ့ပြီး နှစ်ဖက်နည်းပြအဖွဲ့ဝင်တွေလည်း ပါဝင်လာခဲ့ပြီးနောက် အေစီမီလန်နည်းပြ အယ်လီဂရီ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်အတွက် ဖာဘရီဂတ်စ်က ပွဲအပြီးမှာ တောင်းပန်စကား ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''ကျွန်တော် ထပ်ပြီးတောင်းပန်ပါတယ်။ ကျွန်တော် လူသိရှင်ကြား လုပ်ဆောင်ခဲ့မိတာဖြစ်ပြီး အဲဒီအတွက် ဂုဏ်မယူပါဘူး။ အားကစားသမားမပီသတဲ့လုပ်ရပ်ကို လုပ်ခဲ့မိတာပါ။ အမှန်ကတော့ နည်းနည်းလေးပဲ ထိမိခဲ့တာပါ။ ဒါပေမဲ့ မလုပ်သင့်ပါဘူး။ အထူးသဖြင့် နည်းပြတစ်ယောက်အနေနဲ့ပေါ့။ ဆယ်လီမေကာစ် ဒေါသထွက်တာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် နည်းပြ(အယ်လီဂရီ)ကိုလည်း တောင်းပန်ပါတယ်။ ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ မိန့်နန်းနဲ့ ဆယ်လီမေကာစ်တို့ကိုလည်း တောင်းပန်ပြီးပါပြီ။ ဒီဖြစ်ရပ်ကနေ သင်ယူပြီး နောက်တစ်ကြိမ် ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်'' လို့ ဖာဘရီဂတ်စ်က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group