Eleven Media Group

ဒိုင်လူကြီးနဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ ဆီဗီလာနည်းပြ အယ်လ်မေးဒါး ခုနစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

Photo: X

ဆီဗီလာအသင်းနည်းပြ အယ်လ်မေးဒါးဟာ အလာဗတ်စ်အသင်းနဲ့ပွဲမှာ ဒိုင်လူကြီးနဲ့ ပြဿနာဖြစ်ပွားခဲ့တာကြောင့် ခုနစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
အာဂျင်တီးနားနည်းပြဖြစ်တဲ့ အယ်လ်မေးဒါး (၅၂ နှစ်)ဟာ ဖေဖော်ဝါရီ ၁၄ ရက်က အလာဗတ်စ်အသင်းနဲ့ (၁-၁) ဂိုး သရေကျတဲ့ပွဲမှာ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် ကွင်းအတွင်းဝင်ရောက်ပြီး စောဒကတက်ခဲ့ပါတယ်။
ဒါကြောင့် ပွဲချိန် ၈၅ မိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပေမဲ့ ၎င်းက ကွင်းအတွင်းကနေ ချက်ချင်းထွက်ခွာခြင်းမပြုဘဲ ထုတ်ပယ်ခံရတဲ့ အကြောင်းရင်းကို ဆက်လက်မေးမြန်းနေခဲ့ပါတယ်။
ဒီအတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒိုင်လူကြီးအား မထီမဲ့မြင်ပြုမှုနဲ့ သုံးပွဲ၊ ဒိုင်အဖွဲ့ကို စောဒကတက်မှုနဲ့ နှစ်ပွဲ၊ ကွင်းအတွင်းက ချက်ချင်းမထွက်မှုနဲ့ တစ်ပွဲ၊ ပရိသတ်တွေကို ဆူပူစေမှုနဲ့ တစ်ပွဲ စုစုပေါင်း ခုနစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါဟာ ၂၀၁၄ ခုနှစ်က အက်သလက်တီကိုနည်းပြ ဆီမြွန်နီ (၈)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် လာလီဂါနည်းပြတစ်ဦးအတွက် အများဆုံးပွဲပယ်ပြစ်ဒဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဆီဗီလာအသင်းက အယူခံဝင်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group