Eleven Media Group

ဂွါဒီယိုလာကို လာမယ့်ရာသီ မန်စီးတီးအသင်းမှာ ဆက်ရှိစေလိုပြီး လမ်းခွဲမယ်ဆိုရင်လည်း ကွန်ပနီကို အစားထိုးစေလိုကြောင်း ရွန်နီ ပြောကြား

Photo: X

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက ဂွါဒီယိုလာကို လာမယ့်ရာသီ မန်စီးတီးအသင်းမှာ ဆက်ရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
စပိန်နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ စာချုပ်သက်တမ်းမပြည့်ခင် လာမည့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေတာကြောင့် ရွန်နီက သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာပါ။
''လာမယ့်နှစ် သူ အဲဒီမှာ ဆက်ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ်ပါ၊ သူတို့ ပရီးမီးယားလိဂ်ရခဲ့ရင်လည်း သူက ပြီး ခဲ့တဲ့နှစ်တွေအတွင်း ကစားသမားများစွာ ခေါ်ယူခဲ့တာကြောင့် သူတို့တွေနဲ့ ဆုဖလားတွေ ဆက်လက်ရယူနိုင်ဖို့ ကြိုးစားမယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မရယူနိုင်ခဲ့ရင်လည်း သူ့အတ္တက အလုပ်ပြီးမြောက်အောင် မလုပ်နိုင်သေးဘူးလို့ ပြောလိမ့်မယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်အပေါ်လည်း မူတည်နေမှာပါ။ ကစားသမားတချို့ကတော့ သူ့ကို ထွက်ခွာစေချင်မှာပါ။ ဒါဟာ အသင်းမှာ ပါဝင်ရခြင်းရှိမရှိအပေါ် မူတည်ပြီး ဘယ်နည်းပြမဆို ဒီလိုပါပဲ။ ကျွန်တော်ကတော့ သူ ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ သူက ပရီးမီးယားလိဂ်အတွက် အလွန်ထူးချွန်တဲ့သူလို့ ထင်ပါတယ်။ ခင်ဗျားအနေနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနည်းပြတွေ ရှိစေချင်မှာဖြစ်ပြီး သူက အဲဒီအတွက် စံနှုန်းတစ်ခုအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်နေခဲ့သူပါ''လို့ ရွန်နီက သူ့ရဲ့ The Wayne Rooney Show အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ဖလားသုံးလုံးအောင်ပွဲ အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရယူပေးထားပါတယ်။
ဒါကြောင့် မန်စီးတီးအသင်း တာဝန်ရှိသူတွေက သူ့ကို တတ်နိုင်သမျှ လက်တွဲသွားဖို့ ဆန္ဒရှိနေပေမဲ့ သူက လမ်းခွဲဖို့ စဉ်းစားနေပြီဖြစ်ကြောင်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။
ဒါကြောင့် မန်စီးတီးအသင်းက အစားထိုးဖို့ နည်းပြသစ်ကို လျာထားစောင့်ကြည့်နေပြီဖြစ်ရာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အီတလီနည်းပြ မာရက်စကာက အလားအလာကောင်းနေကြောင်းလည်း သတင်းထွက်နေပါတယ်။
ရွန်နီက ဒီလိုအခြေအနေရောက်လာခဲ့ရင်တော့ ဂွါဒီယိုလာရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့သလို၊ မန်စီးတီးဂန္ထဝင်ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အောင်မြင်မှုရရှိနေတဲ့ ကွန်ပနီကို ခန့်အပ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group