Eleven Media Group

မန်ယူအသင်းရဲ့ တရားဝင်နည်းပြ ဖြစ်လာရေးက မိမိအတွက် အရေးအကြီးဆုံးအရာဖြစ်ကြောင်း ကာရစ် ပြောကြား

Photo: X

မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံထားရတဲ့ ကာရစ်က မန်ယူအသင်းရဲ့ တရားဝင်နည်းပြဖြစ်လာရေးက မိမိအတွက် အရေးအကြီးဆုံးအရာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ်ကို ဇန်နဝါရီ ၅ ရက်မှာ ရာထူးက ထုတ်ပယ်ပြီးနောက် ဖလက်ချာကို ယာယီနည်းပြအဖြစ် ခေတ္တတာဝန်ပေးကာ ဇန်နဝါရီ ၁၃ ရက်မှာ ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ထားတာပါ။
မန်ယူအသင်းတာဝန်ရှိသူတွေက တရားဝင်နည်းပြ ခန့်အပ်မှုကို လာမယ့်နွေရာသီမှ ပြုလုပ်သွားဖို့ စီစဉ်ထားခြင်းဖြစ်ပေမဲ့ ကာရစ်လက်ထက်မှာ အသင်းရဲ့ ခြေစွမ်းရော ရလဒ်ပိုင်းပါ ကောင်းမွန်လာတာကြောင့် တရားဝင်နည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ မန်ယူအသင်းရဲ့ ကစားသမားဟောင်းတွေကတော့ ကာရစ်ကို မခန့်အပ်သင့်ကြောင်း ဝေဖန်ပြောကြားမှုတွေ ရှိနေပါတယ်။
အခု BBC ကပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ မန်ယူအသင်းကို ကာလရှည်ကိုင်တွယ်သွားလိုသလားလို့ ကာရစ်ကို မေးမြန်းခဲ့ရာ ''ဒါဟာ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာပါပဲ။ အခုလုပ်နေရတာကို ကျွန်တော် တကယ်ပျော်ရွှင်နေပါတယ်။ ကျွန်တော် လုပ်နေရတဲ့အရာကို နှစ်သက်သဘောကျပါတယ်။ ကျွန်တော် ကံကောင်းပါတယ်။ ဒီနေရာကို ရလာတာ အထူးအခွင့်အရေးရတယ်လို့လည်း ခံစားရပါတယ်။ ကျွန်တော် ဒါကို လုပ်နိုင်တယ်လို့ ယုံကြည်ပြီး အဲဒီလိုလုပ်နိုင်ဖို့ အခု ဒီမှာ ရှိနေတာပါ'' လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ နည်းပြရာထူးအတွက် အစောပိုင်းက ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာက ရေပန်းစားနေခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကာရစ်က ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group