
အာဆင်နယ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ကို ပရီးမီးယားလိဂ်ခေတ်မှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးပွဲ (၅)ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ (၂၀)ရာစုအစောပိုင်းမှာကတည်းက ပြိုင်ဆိုင်မှုအစပြုခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်ပြီး စုစုပေါင်း (၁၉၉)ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ အာဆင်နယ်က (၈၆)ပွဲနိုင်၊ စပါးက (၆၁)ပွဲနိုင်ပြီး (၅၂)ပွဲ သရေကျထားပါတယ်။
အခုနောက်ပိုင်းရာသီတွေမှာ အာဆင်နယ်အသင်းက ချန်ပီယံဆုကို မျှော်လင့်ယှဉ်ပြိုင်နေပြီး စပါးအသင်းက ရုန်းကန်နေရတာကြောင့် အာဆင်နယ်အသင်းက မြောက်လန်ဒန်ဒါဘီမှာ စံချိန်မှတ်တမ်းသစ်တွေ ပိုင်ဆိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ စပါးအသင်းကို ၂၀၂၄ ဧပြီလမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲကစပြီး ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက် အနိုင်ရခဲ့တာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးဖြစ်သလို၊ နှစ်ရာသီဆက်တိုက် နှစ်ကျော့စလုံး အနိုင်ရခဲ့တာလည်း ၁၉၈၇-၈၈ နဲ့ ၁၉၈၈-၈၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒါ့အပြင် အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကလည်း ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခဲ့သမျှ မြောက်လန်ဒန်ဒါဘီပွဲတွေထဲ ဂိုးအပြတ်ဆုံးအဝေးကွင်းနိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မြောက်လန်ဒန်ဒါဘီနိုင်ပွဲကြောင့် မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး (၅)မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကတော့ ဝုလ်ဗ်နဲ့ပွဲမှာ အရှက်ရဖွယ်သရေကျခဲ့ခြင်းအတွက် ပြန်လည်စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပြီး အခုလိုမျိုး တစ်ပွဲပြီးတစ်ပွဲ စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။