
မန်ယူအသင်းရဲ့နည်းပြ ကာရစ်က အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပေမဲ့ ပေါ့ဆလို့မရဘဲ ပိုကောင်းတဲ့နေရာ ရယူသွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ကာရစ်လက်ထက်မှာ ရလဒ်တွေ ကောင်းမွန်လာတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နိုင်တဲ့ အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။
လက်ရှိမှာ အမှတ်ပေးဇယားအဆင့်(၅)နေရာ ရပ်တည်နေပြီး ဒီနေ့ည အဲဗာတန်ကို သရေကစားနိုင်ရုံနဲ့ ချယ်လ်ဆီးကိုကျော်ပြီး အဆင့်(၄)နေရာ ပြန်လည်ရယူနိုင်မှာပါ။
ဒီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ပြီလားဆိုတဲ့ မေးမြန်းမှုကို ကာရစ်က ''လူတိုင်းက ဒီမေးခွန်းကို မေးနေကြပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ ပေါ့ဆလို့ မရပါဘူး။ လက်ရှိပုံစံကောင်းကို ဆက်ထိန်းထားဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ပိုကောင်းတဲ့နေရာကို ရယူသွားချင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ရရှိသင့်တယ်လို့ ထင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ကာရစ်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာတော့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။
ဒီနေ့ည မြန်မာစံတော်ချိန် ၂း၃၀ နာရီမှာတော့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။