
ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြ စပယ်လက်တီဟာ လာမယ့်ပွဲစဉ်နှစ်ပွဲမှာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာ (၄)ပွဲရှုံး၊ (၁)ပွဲသရေနဲ့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် အခုလိုအခြေအနေ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
အီတလီနည်းပြ စပယ်လက်တီဟာ ဂျူဗင်တပ်စ်အသင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး (၁၃)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၆)ပွဲရှုံးထားပါတယ်။
စပယ်လက်တီက အစောပိုင်းမှာ ရလဒ်တွေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ရုန်းကန်လာရတာပါ။
ဒါကြောင့် လက်ရှိအချိန်မှာ ထိပ်ဆုံးက အင်တာမီလန်အသင်းနဲ့ အမှတ်(၂၀)နီးပါး ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စိုးရိမ်စရာဖြစ်လာတာကြောင့် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေက ရာထူးက ထုတ်ပယ်ဖို့ စဉ်းစားလာခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်နှစ်ပွဲမှာ ဂါလာတာစာရေး၊ ရိုးမားအသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။