Eleven Media Group

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် တက်ရောက်နိုင်တဲ့ ပထမဆုံးနော်ဝေကလပ်အဖြစ် ဘိုဒိုဂလင့်အသင်း မှတ်တမ်းဝင်

Photo: X

ဘိုဒိုဂလင့်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် Play-offs ဒုတိယအကျော့ပွဲစဉ်မှာ အင်တာမီလန်အသင်းကို (၂-၁)ဂိုးနဲ့ ထပ်မံအနိုင်ယူခဲ့တာကြောင့် နှစ်ကျော့ပေါင်း (၅-၂)ဂိုးနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဒီအဆင့်ကို ပထမဆုံးတက်ရောက်နိုင်တဲ့ နော်ဝေကလပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။
ဘိုဒိုဂလင့်အသင်းဟာ ဒီရာသီမှာမှ ချန်ပီယံလိဂ် League Phase အဆင့်(တစ်နည်းအားဖြင့် အုပ်စုအဆင့်)ကို ပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပေမဲ့ ဥရောပရဲ့ ထိပ်သီးအသင်းတွေကို ဆက်တိုက်အနိုင်ယူကာ (၁၆)သင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နော်ဝေလိဂ်က ရာသီသစ်မစသေးတာကြောင့် ဘိုဒယ်ဂလင့်အသင်းက ၂၀၂၆ ခုနှစ်ထဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းသာ ယှဉ်ပြိုင်နေရပြီး မန်စီးတီး၊ အက်သလက်တီကို၊ အင်တာမီလန်တို့ကို ဆက်တိုက်အနိုင်ရခဲ့တာပါ။
အင်တာမီလန်နည်းပြ ချီဗူးကတော့ ဘိုဒိုဂလင့်အသင်းရဲ့ စွမ်းဆောင်ရည်က ကြက်ကန်းဆန်အိုးတိုးခြင်းမဟုတ်ကြောင်းနဲ့ စွမ်းအင်အပြည့်ရှိနေတဲ့အသင်းဖြစ်ကြောင်း ဒုတိယအကျော့အပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။
ကြိုတင်သတ်မှတ်ထားတဲ့ ပွဲစဉ်လမ်းကြောင်းအရ ဘိုဒိုဂလင့်အသင်းဟာ (၁၆)သင်းအဆင့်မှာ မန်စီးတီး ဒါမှမဟုတ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
မနေ့ညက Play-offs ပွဲစဉ်တွေအပြီး ဘိုဒိုဂလင့်နဲ့အတူ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေထဲမှာ နယူးကာဆယ်က ချယ်လ်ဆီး(သို့မဟုတ်)ဘာစီလိုနာ၊ အက်သလက်တီကိုက စပါး(သို့မဟုတ်)လီဗာပူးလ်၊ လေဗာကူဆင်က ဘိုင်ယန်မြူးနစ်(သို့မဟုတ်)အာဆင်နယ်နဲ့ (၁၆)သင်းအဆင့်မှာ ဆုံတွေ့ရမှာဖြစ်ပြီး အဖြေအတိအကျကိုတော့ သောကြာနေ့ပြုလုပ်မယ့် မဲခွဲပွဲမှာ သိရှိရမှာပါ။

မူရင်းသတင်း — Eleven Media Group