Eleven Media Group

ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တစ်သင်းမှ တက်ရောက်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးနဲ့ အီတလီကလပ်တွေ ရင်ဆိုင်ရနိုင်ခြေရှိနေ

Photo: X

အီတလီကလပ်အသင်းတွေဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရပြီး (၁၆)သင်းအဆင့်ကို တစ်သင်းမှ တက်ရောက်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေကြောင်း သိရပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ League Phase အဆင့်ကို အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အတ္တလန်တာနဲ့ နာပိုလီတို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့အနက် နာပိုလီက အဆင့်(၃၀)သာရပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
ကျန်တဲ့(၃)သင်းက Play-offs ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာ ဗိုလ်လုပွဲရောက်ခဲ့တဲ့ အင်တာမီလန်အသင်းက နော်ဝေကလပ် ဘိုဒိုဂလင့်ကို နှစ်ကျော့စလုံးရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြန်ပါတယ်။
ကျန်တဲ့နှစ်သင်းမှာလည်း ဂျူဗင်တပ်စ်က ပထမအကျော့မှာ ဂါလာတာစာရေးကို (၂-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ အတ္တလန်တာကလည်း ဒေါ့မွန်ကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါကြောင့် ဒုတိယအကျော့မှာ နှစ်သင်းစလုံး ဂိုးပြတ်နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ဖို့ လိုအပ်နေပြီး ဒီအခြေအနေအတွက် အီတလီဂျာနယ်လစ် ဗာရီကတော့ အီတလီကလပ်တွေအနေနဲ့ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်းနဲ့ ကြီးကြီးမားမားနိုးထနိုင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
အီတလီကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်မှာ အစဉ်အလာကောင်းတဲ့အသင်းတွေဖြစ်ပြီး အုပ်စုအဆင့်ပြီးရင် (၁၆)သင်းအဆင့်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပုံစံနဲ့ ကျင်းပခဲ့တဲ့ ၂၀၀၃-၀၄ ရာသီကစပြီး ပြီးခဲ့တဲ့ရာသီအထိ (၁၆)သင်းအဆင့်မှာ အီတလီကလပ် အနည်းဆုံးတစ်သင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။
ဒါကြောင့် ဒီရာသီမှာ (၁၆)သင်းအဆင့်ကို အီတလီကလပ်တွေ တစ်သင်းမှ တက်ရောက်နိုင်ခြင်းမရှိခဲ့ရင် အီတလီဘောလုံးလောကအတွက် မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group