Eleven Media Group

ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပေမဲ့ ပရက်စတီယန်နီ ဘာနေဗျူးကွင်းမှာ လေ့ကျင့်မှုပြုလုပ်

Photo: X

ဘင်ဖီကာအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား ပရက်စတီယန်နီဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပေမဲ့ အသင်းနဲ့အတူ စပိန်နိုင်ငံကို လိုက်ပါလာခဲ့ပြီး ဘာနေဗျူးကွင်းမှာ လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ပရက်စတီယန်နီဟာ ပေါ်တူဂီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် Play-offs ပထမအကျော့ပွဲစဉ်မှာ ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားခဲ့ကြောင်း စွပ်စွဲခံထားရသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်ကာလအတွင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ယာယီအဖြစ် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ထားတာပါ။
ဒါကြောင့် ပရက်စတီယန်နီအနေနဲ့ ရီးယဲလ်နဲ့ Play-offs ဒုတိယအကျော့ပွဲကို လွဲချော်ရမှာဖြစ်ပေမဲ့ ဘင်ဖီကာအသင်းက အယူခံဝင်ထားတာကြောင့် အသင်းနဲ့အတူ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့က ဘာနေဗျူးကွင်းမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရက်စတီယန်နီဟာ ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ပွဲပယ်ပြစ်ဒဏ် (၁၀)ပွဲအထိ ချမှတ်ခံရမှာဖြစ်ပေမဲ့ သူကတော့ လူမျိုးရေးခွဲခြားခဲ့တာမဟုတ်ဘဲ လိင်တူချစ်သူတွေအပေါ် လှောင်ပြောင်တဲ့စကား ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။
ဘင်ဖီကာအသင်းရဲ့ တာဝန်ရှိသူတွေကလည်း ပရက်စတီယန်နီဟာ လူမျိုးရေးခွဲခြားတတ်တဲ့ အမူအကျင့်ရှိသူမဟုတ်ကြောင်း ကာကွယ်ပြောကြားထားပါတယ်။

မူရင်းသတင်း — Eleven Media Group