Myanmar Transparency News

အင်းစိန်စျေးတွင် ဆိုင်ခန်းတစ်ခန်း မီးလောင်မှု ရွှေမီးဖုတ်ရာ၌ အသုံးပြုသည့်သစ်သားတုံးက အပူကျန်ရာမှ စက္ကူပုံးကို မီးကူးစက်ကာ ဖြစ်ပွားခဲ့ဟု သိရ

၁၄.၃.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စျေးကုန်းအနောက်ရပ်ကွက်၊ ပဒေသာလမ်း၊ အင်းစိန်မြို့မစျေး စျေးရုံအမှတ် (B) တွင် မတ်လ ၁၃ ရက် ည ၁၀ နာရီ ၁၉ မိနစ်ခန့်က ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ စျေးရုံအမှတ် (B) ရှိ ဆိုင်ခန်းအမှတ် ၃၉ တွင် ရွှေအား မီးဖုတ်ရာ၌အသုံးပြုသော သစ်သားတုံးမှ အပူကျန်ရှိ၍ အနီးရှိ စက္ကူပုံးပေါ်သို့ အပူကူးစက်ရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူတစ်ဦးက ပြောသည်။

မီးလောင်မှုသည် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အုတ်ကြွပ်မိုး၊ ကွန်ကရစ်ခင်းဆိုင်ခန်း တစ်ခန်းနှင့် အုတ်ကြွပ်မျက်နှာကြက် ၆ ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။

ဆိုင်ခန်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၉ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဆိုင်ခန်း ၁ ခန်း မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News