Myanmar Transparency News

မြင်းခြံတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် ခုနစ်လုံး မီးလောင်မှု ဖြစ်ပွား

၂၁.၃.၂၀၂၆
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ နယ်မြေ(၄)တွင် မတ်လ ၂၀ ရက် နံနက် ၃ နာရီ ၃၂ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော နေအိမ် ခုနစ်လုံးမီးလောင်မှုမှာ မီးအားမြှင့်စက်အပူလွန်ကဲရာမှ အနီးရှိထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

“ရေခဲသေတ္တာနဲ့ ချိတ်သုံးတဲ့ မီးအားမြှင့်စက်ကနေ အပူလွန်ပြီး စလောင်တာ။ လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် စတင်ဖြစ်ပွားခဲ့ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် ခြောက်လုံးနှင့် သွပ်မိုး၊ နံကပ် တစ်ထပ်နေအိမ် တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နေအိမ် ခုနစ်လုံးမီးလောင်မှုကို သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ခြောက်စီး၊ ရေသယ်ယာဉ်ကိုးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဒေါ်နှင်းဦးဆွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြင်းခြံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နေအိမ်ခုနစ်လုံးမှ မီးဘေးသင့်အိမ်ထောင်စု ခုနစ်စုကို တစ်သိန်းနှုန်းစီဖြင့် အဖြူရောင်လက်များပရဟိတအသင်းက ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News