Myanmar Transparency News

ဒရုန်းများက ​ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရန်သူကို ရှာဖွေချေမှုန်းနိုင်မည့် AI စနစ် တရုတ်သိပ္ပံပညာရှင်များ တီထွင်

သက်တံ့
၃၀. ၅. ၂၀၂၆

​တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှ သုတေသနအဖွဲ့တစ်ခုသည် ဒရုန်းအုပ်စုများ (Drone swarms) က ရန်သူ့ပစ်မှတ်များကို ကိုယ်တိုင် ရှာဖွေဖျက်ဆီးသည့် ပုံစံအဖြစ် အခြေခံကျကျ ပြောင်းလဲပစ်နိုင်မည့် ဉာဏ်ရည်တု (AI) Algorithm အသစ်တစ်ခုကို ထုတ်ပြန် ကြေညာလိုက်သည်။

​HG-STR (Heterogeneous Graph Spatio-Temporal Reasoning) ဟု လူသိများသည့် အဆိုပါ AI Algorithm သည် တောင်ပံအသေတပ်ဆင်ထားသည့် ဒရုန်းအုပ်စု (Fixed-wing drones) များကို ကျယ်ပြောလှသော စစ်မြေပြင်တွင် ကိုယ်ပိုင်ဉာဏ်ဖြင့် ရန်သူကို ရှာဖွေစေနိုင်မည် ဖြစ်သည်။ ၎င်းတို့၏ ဆက်သွယ်ရေးလိုင်းများ နှောင့်ယှက်ဖျက်ဆီးခံရပြီး အမြင်အာရုံ ပိတ်ဆို့နေသည့်တိုင် ရန်သူမှန်သမျှကို တစ်ကောင်မကျန် ချေမှုန်းနိုင်ရန် စွမ်းဆောင်ပေးနိုင်မည်ဟု ကတိပြုထားသည်။

​မေလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ၏ ထိပ်တန်းလေကြောင်းဂျာနယ်ဖြစ်သော Acta Aeronautica et Astronautica Sinica တွင် ဖော်ပြခဲ့သည့် လုပ်ဖော်ကိုင်ဖက်ချင်း စိစစ်ပြီးသား သုတေသနစာတမ်းအရ ယခုနည်းပညာသည် ခေတ်သစ်စစ်ပွဲများ၏ အရှိန်အဟုန်ကို လိုက်မီနိုင်လောက်အောင် လျင်မြန်စွာ အလုပ်လုပ်နိုင်ပြီး ရန်သူကို ၁၀၀ ရာခိုင်နှုန်း သုတ်သင်ရှင်းလင်းနိုင်စွမ်း (100% kill rate) ရှိသည့် ပထမဆုံးသော Algorithm အဖြစ် လူသိများလာခြင်း ဖြစ်သည်။

​အဆိုပါ သုတေသနတွင် ပါဝင်ပတ်သက်မှုမရှိသည့် ပေကျင်းအခြေစိုက် ကာကွယ်ရေးကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်အရ လက်ရှိအချိန်တွင် ဒရုန်းစစ်ဆင်ရေးအများစုကို လူသားမောင်းသူမဲ့ယာဉ်မှူးများက အဝေးမှ ထိန်းချုပ်မောင်းနှင်နေရဆဲ ဖြစ်သည်။

​”ဒီနည်းပညာက ဘာကိုပြနေလဲဆိုရင် အနာဂတ်မှာ ဒရုန်းအုပ်စုတွေကို အန္တရာယ်ကြီးမားပြီး ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ပတ်ဝန်းကျင်ထဲကို စေလွှတ်နိုင်တော့မှာပါ။ လူသားတွေရဲ့ အမိန့်ပေးထိန်းချုပ်မှုနဲ့ ပြတ်တောက်သွားချိန်မှာ သူတို့ဆီမှာ နောက်ဆုံးအမိန့်တစ်ခုပဲ ရှိပါလိမ့်မယ် အဲဒါကတော့ ‘ရန်သူကို ရှာပြီး အကုန်သတ်ပစ်ဖို့’ ပါပဲ” ဟု မီဒီယာများကို ဖြေကြားခွင့်မရှိသည့်အတွက် အမည်မဖော်လိုသော အဆိုပါ ကျွမ်းကျင်သူက ပြောကြားခဲ့သည်။

​လက်ရှိ ဒရုန်းများတွင် အသုံးပြုနေသည့် ရိုးရာအယ်လ်ဂိုရီသမ်စနစ်များမှာမူ မဟာမိတ်၊ ရန်သူနှင့် မြေမျက်နှာသွင်ပြင် စသည့် အချက်အလက်အားလုံးကို ဒေတာအမျိုးအစား တစ်ခုတည်းအဖြစ်သာ တန်းတူသတ်မှတ် တွက်ချက်လေ့ရှိကြသည်။

Ref: SCMP

မူရင်းသတင်း — Myanmar Transparency News