Myanmar Transparency News

ထမင်းပေါင်းအိုးခလုတ်ချို့ယွင်းရာမှ နေအိမ်နှစ်လုံးနှင့် နွားတင်းကုပ်မီးလောင်မှု တိုက်ကြီးမြို့တွင် ဖြစ်ပွား

၁၄.၇.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ဖလုံမြို့ကွက်တွင် ထမင်းပေါင်းအိုး ခလုတ်ချို့ယွင်းကာ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ်နှစ်လုံးနှင့် နွားတင်းကုပ်တစ်ခု မီးလောင်ဆုံးရှုံးမှု ယနေ့ ဇူလိုင် ၁၄ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁ဝ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ် မီးဖိုခန်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ထမင်းပေါင်းအိုးတည်ရင်း အိပ်ပျော်သွားရာမှ ခလုတ်ချို့ယွင်းကာ အပူလွန်ကဲ၍မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ် ၃၀ ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံးနှင့် နွားတင်းကုပ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် လေးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့​ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအတွက် အသက် ၂၉ နှစ်အရွယ် ဒေါ်အေးအေးမော်ကို တိုက်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News