နေပြည်တော်၊ ဇူလိုင် ၂၁
ချင်းပြည်နယ်ရှိ တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့မှအပ ကျန်မြို့နယ် ၅၈ မြို့နယ်တွင် ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ကြေညာသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) ကို နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုးရန် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် အတည်ပြုခဲ့သည်။
အဆိုပါ သက်တမ်းတိုးရေးအဆိုကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ဇူလိုင် ၁၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးအေးပိုင်၊ ဒေါ်ခင်ဆွေ၊ ဒေါက်တာကျော်ဆွေ၊ ဦးရန်နိုင်ဦးနှင့် ဦးကျော်ဇင်ထွန်းတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) တွင် ဖော်ပြထားသည့် မြို့နယ်များအနက် ချင်းပြည်နယ်၊ တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန်မြို့နယ်များမှာ မူလအခြေအနေသို့ မရောက်ရှိသေးသဖြင့် အဆိုပါအမိန့်ကို နောက်ထပ် ရက်ပေါင်း ၉၀ ဆက်လက်အတည်ဖြစ်စေရန် လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၁/၂၀၂၆) အရ အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ် ၆၀ အနက် တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့ကို သက်တမ်းတိုးစာရင်းမှ ဖယ်ရှားခဲ့ပြီး ကျန်မြို့နယ် ၅၈ မြို့နယ်အတွက်သာ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
လက်ရှိ သက်တမ်းတိုးလိုက်သည့် မြို့နယ်များမှာ ရှမ်းပြည်နယ် ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၈ မြို့နယ်၊ ချင်းပြည်နယ် ၅ မြို့နယ်၊ ကချင်ပြည်နယ် ၅ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ၁ မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။