Popular Myanmar

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ်

ဘားအံ၊သြဂုတ်-၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာထက် ကျော်လွန်ကာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ (၈၄၁) စင်တီမီတာသို့ ရောက်ရှိနေသည်။

ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သည့် ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ ပြောင်းရွှေ့နိုင်ရန်အတွက် ရွှေယဉ်မျှော် ယာယီကယ်ဆယ်ရေးစခန်းနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီကယ်ဆယ်ရေးစခန်း တို့အား ထပ်မံဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။

လက်ရှိတွင် ဘားအံမြို့၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၄) ခုအထိ ဖွင့်လှစ်ထားကာ စုစုပေါင်း (၁၅၈၁)ဦး ပြောင်းရွှေ့နေထိုင်နေကြောင်းလည်း သိရသည်။

ရေဘေးသင့် အိမ်ထောင်စုများကို ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အချိန်နှင့်တစ်ပြေးညီ ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးလျက်ရှိသည်။

ထို့အပြင် ကျန်းမာရေးဦးစီးဌာနမှလည်း ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသည့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar